ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုပါတီက အမှု ၁၀၀၀ ကျော် တိုင်ကြားထား

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အမှုပေါင်း ၁၀၀၀ ကျော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) သို့ တိုင်ကြားထားကြောင်း USDP ပါတီ၏ ဒုက္ကဋ္ဌ ဦးခင်ရီက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မိတ်ဖက်ပါတီများ၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ပါတီတစ်ခုတည်း ရဲစခန်းကို အမှုဖွင့်ထားတာ ၁၂၆ မှု၊ UEC ကို တိုင်ထားတာ ၁၀၄၂ ခုရှိတယ်။ ဥပမာ ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ ကျောက်တန်း၊ လသာ (၄)မြို့နယ်လောက်မှာကို မှတ်ပုံတင်မရှိတဲ့လူ၊ မပါတဲ့လူ၊ အထောက်အထားမဲ့ မဲပေးတဲ့လူ၊ အဲဒီလူက ၆၃၂၅၈ ယောက်ရှိတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို တွက်ကြည့်ပါ။ နောက်စာရင်းထပ်နေတဲ့လူက နာမည်နှစ်ကြိမ်ထပ်တဲ့လူက ၂၂၃၇ ယောက်ရှိတယ်။ ဒါတွေဟာ သံသယဖြစ်ဖွယ်ရှိတာပေါ့” ဟု ဦးခင်ရီက ပြောသည်။

ထို့အပြင် ယင်းမတရားမှုများကို စစ်ဆေးနိုင်ရန် UEC သို့ စာရွက်စာတမ်းများ တောင်းသော်လည်း ယနေ့အထိမရရှိသေးကြောင်း၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန် တောင်းဆိုသော်လည်း အကြောင်းမပြန်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတထံ နိုင်ငံရေးပါတီ ၁၉ ခုက အိတ်ဖွင့်စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့် တစ်ရက်ထဲကြည့်၍ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြောဆိုပါက ပြည့်စုံမှန်ကန်မှုမရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

“ကြိုတင်ပြင်ဆင်တာကစပြီး မဲပေးတဲ့နေ့အထိ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေမှာ ချို့ယွင်းအားနည်းချက်တွေရှိတယ်။ ဒါတွေကြောင့် တရားမျှတမှုဖြစ်တဲ့ သာတူညီမျှဖြစ်တဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ဒါကြောင့် အဆင့်တိုင်းမှာ ကန့်ကွက်ခဲ့ပါတယ်။ သို့သော် အရာမထင်ဘူး။ မဲဆန္ဒရှင်ပြည်သူတွေကို ကိုယ်စားမပြုနိုင်ခဲ့ဘူး။ ဒါကြောင့် မှားနေတာတွေကို မှားပါတယ်လို့ မပြောရဲလို့ရှိရင် ဖုံးကွယ်လိမ်ညာ သူရဲဘောကြောင်သူလို့ ပြောလို့ရတယ်။ မှားနေတာကိုမှ မှန်တယ်လို့ ထောက်ခံတာဆိုရင်တော့ ဒါဟာ ယုတ်ညံ့တဲ့သူ သစ္စာမဲ့သူလို့ ပြောလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအပြောမခံနိုင်ဘူး။ ကနေ့ပြောနေတာက မဲရလဒ်တစ်ခုထဲကို ပြောနေတာမဟုတ်ဘူး။ ဖြစ်စဉ်တစ်ခုလုံးကို မူတည်ပြီး တကယ့်ကို Free and Fair တရားမျှတမှုဖြစ်ရဲ့လား။ အဲဒီဆောင်ရွက်ချက်တွေကြောင့် နောက်ဆုံး Final နေ့မှာ ရေတဲ့ မဲရလဒ်က ပြောင်းမသွားနိုင်ဘူးလားဆိုတဲ့ အချက်ကို စဉ်းစားသုံးသပ်နိုင်အောင်တင်ပြခြင်းဖြစ်ပါတယ်” ဟု ဦးခင်ရီက ပြောသည်။

ထို့အပြင် ၎င်းတို့ပါတီအနေဖြင့် UEC ၏ သတ်မှတ်ချက်၊ ဥပဒေ ညွှန်ကြားချက်များအပေါ် ဆန်းစစ်လေ့လာခွင့်၊ မတရားသည့်အချက်များကို တောင်းဆိုခွင့်၊ လေ့လာဆန်းစစ်ခွင့်ရှိသော်လည်း ယင်းအခွင့်အရေးများဆုံးရှုံးနေသောကြောင့် “မြန်မာနိုင်ငံတွင် တရားဥပဒေမရှိဘူးလား၊ တရားဥပဒေအတိုင်းလိုက်နာလို့မရဘူးလား” ဆိုသည့် အချက်များက ၎င်းတို့နိုင်ငံရေးပါတီများအတွက် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – USDP