NLD ပါတီဘက်မှမဲဆွယ်စည်းရုံးသည်ဟုဆိုကာ ပျော်ဘွယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီးကို USDP တရားစွဲ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ကုန်းကျေးရွာ၌ အောက်တိုဘာ ၃၁ ရက်တွင် ကြိုတင်မဲများကောက်ခံစဉ် NLD ပါတီဘက်မှ မဲဆွယ်စည်းရုံးသည်ဟုဆိုကာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီကို USDP ပါတီက ရွေး‌ကောက်ပွဲ ဥပဒေပုဒ်မ ၆၁(က) ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံရသူက စံတော်ချိန်သို့ပြောသည်။

“ကျွန်မက မဲရုံမှူးတာဝန်ထမ်းဆောင်ရမယ့်သူ။ အဲဒီအတွက် ယူနီဖောင်းဝတ်ပြီး ကြိုတင်မဲကိုလည်း ကြိုတင်ပေးမယ်။ ဘာလို့လဲဆို မဲပေးမယ့်နေ့ ကျွန်မအလုပ်ရှုပ်မှာကြောက်လို့ ကြိုတင်မဲပေးထားမယ်ပေါ့။ ကျွန်မအိမ်သားက ပင်စင်စားကျောင်းအုပ်ပဲ။ သူကလည်း ကြိုတင်မဲပေးမှာ။ ကျွန်မကဒူးနာတဲ့ရောဂါရှိတော့ သူက ဆိုင်ကယ်နဲ့တင်ပြီး ကြိုတင်မဲပေးတဲ့နေရာကိုလိုက်ပို့တယ်။ လူရှင်းသွားတော့ ကြိုတင်မဲပေးတယ်။ ပြီးတော့ သူတို့က ရွာထဲက မသန်စွမ်းတွေကို မဲပေးဖို့ လှည့်ပြီးမဲကောက်မယ်ဆိုပြီး အဖွဲ့လိုက်ထွက်သွားတယ်။ ကျွန်မကကျောင်းဝိုင်းထဲက အိမ်မှာနေတာ။ လမ်းကြောက သူတို့ကြိုတင်မဲကောက်တဲ့လမ်းကြောနဲ့ တစ်ကြောထဲပဲ။ ပြန်လာတော့ သူတို့က အိမ်တစ်အိမ်မှာဝင်ကောက်နေပြီ။ ကောက်နေတော့ ခဏရပ်ကြည့်တယ်။ သူတို့ပြောနေတာလည်း ဘာမှမကြားဘူး။ ရပ်ကြည့်ပြီး toilet သွားချင်လို့ဆိုပြီး ကျောင်းဝိုင်းထဲကိုပြန်လာတယ်။ ဘုန်းကြီးကျောင်းဝိုင်းရဲ့မြောက်ဘက်မှာ ကျွန်မတို့ခြံရှိတာပါ။ အဲဒီခြံမှာ အပင်လေးတွေစိုက်ထားတာရှိတယ်။ ခြံထဲမှာလည်း နွားကျောင်းလို့ဆိုပြီးပြောထားတာရှိတော့ ကျွန်မနဲ့ ကျွန်မအိမ်သားနဲ့က အဲဒီခြံဘက်ကိုသွားတယ်။ သူတို့ကလည်း ဒုတိယအိမ်ကိုကောက်ပြီးပြီ။ အဲဒီအိမ်က ကျွန်မခြံနဲ့မလှမ်းမကမ်းပါပဲ။ အဲဒါကိုတိုင်တဲ့သူက ကျွန်မက ရွာထဲကိုကြိုတင်မဲကောက်တဲ့နေရာမှာ အိမ်တွေကိုရှေ့ကအရင်ဆုံးရောက်အောင်သွားပြီး မဲဆွယ်စည်းရုံးနေပါတယ်လို့ သူတို့တိုင်တာပါ” ဟုဒေါ်ခင်မာရီကရှင်းပြသည်။

ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့တွင် မဲရုံကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် USDP ပါတီမှ ဦးမြရွှေဆိုသည့် အမျိုးသားက တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်မအိမ်က အိမ်သားက ပင်စင်စား NLD ပါတီကို ဝန်းရံတယ်။ သူကပင်စင်စားဆိုတော့ ဝန်ထမ်းမဟုတ်ဘူး။ ဆရာကြီးက စင်္ကာပူ၊ မလေးရှား၊ ကိုရီးယားမှာ သူ့တပည့်တွေအများကြီးရှိတော့ သူ့ဆီငွေလွှဲပေးတယ်။ NLD အလံ၊ အင်္ကျီတွေဝယ်ပြီး ဝေဖို့ ဆရာကြီးကို တာဝန်ပေးတော့ အဲဒါလေးတွေဝန်းရံတယ်ပေါ့။ အဲဒါလုပ်တာ USDP ဘက်က မကြိုက်ဘူး။ မကြိုက်တဲ့အတွက် တိုင်ချင်တာက ဆရာကြီးကိုတိုင်တာ။ မရတော့ ဆရာမကိုတိုင်တာ” ဟု ၎င်း၏အမြင်ကို စံတော်ချိန်သို့ပြောသည်။

သို့သော်လည်း အောက်တိုဘာ ၃၁ ရက်တွင် ကြိုတင်မဲကောက်ခံခဲ့ခြင်းနှင့်ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတမှုရှိကြောင်း၊ သက်ကြီးရွယ်အိုများလည်း စိတ်ချမ်းသာစွာ ကြိုတင်မဲပေးနိုင်၍ ရွေးကောက်ပွဲကော်မရှင်စည်းကမ်းများနှင့်အညီ ကြိုတင်မဲပေးခဲ့ကြသည့်အတွက် အစီအစဉ်ပြီးဆုံးကြောင်း နှစ်ဖက်ကိုယ်စားလှယ်များ၊ ကော်မရှင်မှတာဝန်ရှိသူများ၊ ကိုယ်စားလှယ်လောင်းများနှင့် အဆိုပါတရားစွဲဆိုသည့် အမျိုးသားကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေါ်ခင်မာရီကပြောသည်။

ယခုကဲ့သို့ မဟုတ်မမှန်တိုင်တန်းပြီး တရားစွဲဆိုခြင်းသည် ဆရာ၊ ဆရာမများကို သိက္ခာချခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်ကပေးသည့်တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်သည့်အတွက် အမှန်တရားအတိုင်း ရင်ဆိုင်သွားမည်ဟု ဆရာမ‌ ဒေါ်ခင်မာရီကဆိုသည်။

“ဆရာမက အမှန်တရားဘက်က။ ဘာမှမဟုတ်တာလုပ်ထားတာ မရှိဘူး။ ဘာမဲဆွယ်စည်းရုံးမှုမှလည်း မရှိဘူး။ ဆရာမရင်ဆိုင်မှာပဲ။ တရားစွဲဆိုခံရတာ တကယ်တမ်းကြ မကောင်းဘူးပေါ့။ တာဝန်ပေးလို့လည်း ဆရာမတို့လုပ်ရတာ။ မဲရုံတာဝန်ဆိုတာ နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်တာ။ နိုင်ငံတော်ကတာဝန်ပေးလို့ ဆရာမတို့လုပ်တယ်။ ဒီလိုလုပ်ရတာကို သူတို့ဘက်က တိုင်တယ် တန်းတယ်ဆိုတော့ နောက် ၂၀၂၅ ကြရင်တောင် ဒီလိုတာဝန်ထမ်းဆောင်ဖို့ ငြင်းတော့မှာ။ တာဝန်ပေးရင်မလုပ်ရဲတော့ဘူး”ဟုပြောသည်။

မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီက တရားစွဲဆိုခံထားရသည့်ကိစ္စနှင့်စပ်လျဉ်းပြီး နိုဝင်ဘာ ၂၅ ရက်က အာမခံလျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ပထမဆုံးရုံးချိန်း သွားရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ကပေးသည့်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများအနေနှင့် တရားစွဲဆိုခံရသည့်အပေါ် မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝေဖြိုးက ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ပြီး ကာယကံရှင်နှင့်လည်း ဆက်သွယ်ထားကြောင်း၊ USDP ပါတီမှ မတရားဖိအားပေးဆောင်ရွက်ခဲ့ပါက တရားဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ပြီး USDP ပါတီအား ကန့်ကွက်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမည်ဟု စံတော်ချိန်သို့ပြောသည်။

“အဓိကပြဿနာက ခုဖြစ်နေတဲ့ USDP ပါတီက အဓိကဖြစ်နေတာပါ။ ဒီထက်ပိုပြီးဆိုးလာရင် USDP ပါတီကို ကန့်ကွက်တဲ့တိုင်ကြားစာမျိုး UEC ကိုပေးပို့သွားမယ်။ ဒီကိစ္စမှာ စုံစမ်းစစ်ဆေးမှုတွေပြီးသွားရင် ဥပဒေအတိုင်းပဲဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ကုန်းကျေးရွာ၊ မူလတန်းကျောင်းအုပ်ကြီး ဒေါ်ခင်မာရီကို တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ USDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူသုံးဦးကို စံတော်ချိန်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – ကျော်ကျော် /စံတော်ချိန်
ပုံစာ – ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မဲဆန္ဒနယ် (၁) ယောမင်းကြီးလမ်း မဲရုံ(၁) တွင် ဆရာ၊ ဆရာမများက ကြိုတင်မဲပုံးများ စတင်ရေတွက်နေစဉ်