တရားစွဲဆိုခံရသည့် မဲရုံတာဝန်ကျ ဆရာ၊ ဆရာများအတွက် ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ ဝန်းရံကူညီမည်ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများကို နိုင်ငံရေးပါတီအချို့မှ တရားစွဲဆိုမှုများရှိနေသည့်အတွက် ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဝန်းရံကူညီသွားမည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာ ၂၉ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထိုကဲ့သို့ မမှန်မကန်စွပ်စွဲတရားစွဲဆိုမှုများကိုလည်း တန်ပြန်တရားစွဲဆိုသွားနိုင်ရန် ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မိတ်ဖက်ညီနောင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အခိုင်အမာကူညီဆောင်ရွက်ပေးသွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

ဆရာ၊ ဆရာမများကို တာဝန်ပေးအပ်ခဲ့သည့် အဖွဲ့အစည်းများအနေဖြင့် တရားစွဲဆိုခံ ဆရာ၊ ဆရာမများနှင့် ကိုဗစ်ရောဂါကူးစက်ခံ ဆရာ၊ ဆရာများအား လိုအပ်သောကူညီစောင့်ရှောက်မှုများ အသေအချာပြုလုပ်ပေးရန် တိုက်တွန်းကြောင်း ဆက်လက်ဖော်ပြထားသည်။

ရွေးကောက်ပွဲကာလ ကြိုတင်မဲကောက်ခံရာတွင် NLD ပါတီဘက်မှ မဲဆွယ်စည်းရုံးသည်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ကုန်းကျေးရွာမှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရွေး‌ကောက်ပွဲဥပဒေပုဒ်မ ၆၁(က) ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံရသည့် ဆရာမဒေါ်ခင်မာရီက နိုဝင်ဘာ ၂၆ ရက်တွင် စံတော်ချိန်သို့ပြောကြားခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး တရားစွဲဆိုခံရသည့် ဆရာ၊ ဆရာမ ဦးရေမည်မျှရှိသည်ကို မသိရှိရသေးသော်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များဖြစ်သည့် မဲရုံတာဝန်များထမ်းဆောင်ရင်း COVID-19 ရောဂါဖြစ်ပွားခဲ့သည့် ဆရာ၊ ဆရာမ စုစုပေါင်းမှာ ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) အထိ ၇၅ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူနှစ်ဦးရှိကြောင်းသိရသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – ကျော်ကျော် /စံတော်ချိန်
ပုံစာ – ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဲရုံတာဝန်ကျဆရာ၊ ဆရာမများ ကြိုတင်မဲများရေတွက်နေစဉ်