ဆရာ၊ ဆရာမများအား စွပ်စွဲပြောဆို တရားစွဲဆိုမှုများအပေါ် ကူညီဖြေရှင်းပေးရန် ကော်မတီဖွဲ့စည်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများအပေါ် မဟုတ်မမှန် ပုတ်ခတ်စွပ်စွဲပြောဆိုနေမှုများ၊ တရားစွဲဆိုမှုများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ နောက်ဆက်တွဲပြဿနာရပ်များအား ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အရေးပေါ်တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်)တွင် အဆိုပါ ကော်မတီမှ ကြေညာချက်ထုတ်ပြန်ထားသည်။

အခြေခံပညာ၊ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (BEWU-CEC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) နှင့် တက္ကသိုလ်ဒီဂရီကောလိပ်နှင့် ကောလိပ်ဆရာသမဂ္ဂများကွန်ရက် (UTA-Network) စသည့် ဆရာ၊ ဆရာမအဖွဲ့သုံးဖွဲ့မှ ပူးပေါင်း၍ ကော်မတီဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဆရာအဖွဲ့အစည်းသုံးခုအနေဖြင့် ဆရာ၊ ဆရာမများဘက်မှ ရပ်တည်မည်ဟူသည့် ရည်ရွယ်ချက်တူညီ၍ ပူးပေါင်းခြင်းဖြစ်ကြောင်း အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂအဖွဲ့ဝင် ဦးမင်းမင်းထွဋ်က စံတော်ချိန်သို့ပြောသည်။

“ပညာရေးဝန်ထမ်းတွေကို မဟုတ်မမှန် တိုင်ကြားတာတွေရှိတယ်။ အဲဒီလို တိုင်ကြားတဲ့အခါမှာ ဆရာ၊ ဆရာမတွေဘက်က ရပ်တည်ဖြေရှင်းပေးဖို့ အဖွဲ့အစည်းတစ်ခု လိုအပ်တယ်။ ဒါကြောင့် ဆရာအဖွဲ့အစည်းသုံးဖွဲ့က ရည်မှန်းချက်တူတဲ့အတွက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ ဖွဲ့စည်းလိုက်တာဖြစ်တယ်။ ကျွန်တော်တို့ဆီ အကူအညီတောင်းလာမယ့် ဆရာ၊ ဆရာမတွေရှိရင် အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သုံးသပ်မယ်။ ဥပဒေပညာရှင်တွေရဲ့ အကြံဉာဏ်ယူပြီး ဥပဒေလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်မှာဖြစ်ပါတယ်။ မဟုတ်မမှန် တိုင်ကြားခံရတဲ့ ဆရာ၊ ဆရာမတွေဘက်က ရပ်တည်သွားမယ်။ ဆရာ၊ ဆရာမတွေဘက်က မှားနေရင်တော့ သူတို့အနေနဲ့ ရွေးကောက်ပွဲဥပဒေအရ အရေးယူခံရပါမယ်’’ ဟု ဦးမင်းမင်းထွဋ်က ဆိုသည်။

အဖွဲ့စည်းတစ်ဖွဲ့စီမှ ကိုယ်စားလှယ် ၅ ဦးပါဝင်ပြီး ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအနေဖြင့် မဟုတ်မမှန် ပုတ်ခတ်စွပ်စွဲ၊ တိုင်ကြားခံရပါက ကော်မတီသို့တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကြေညာထားသည်။

ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးမင်းမင်းထွဋ် (၀၉-၇၇၃၇၂၀၇၆၇)၊ ဦးကျော်မင်းဦး (၀၉-၇၇၇၈၀၈၀၆၄)၊ ဒေါက်တာဇော်မျိုးလှိုင် (၀၉-၇၈၁၉၀၇၀၆၁)၊ ဦးအေးမင်းထိုက် (၀၉-၂၅၀၄၂၇၀၀၈)၊ ဦးလှိုင်တင့် (၀၉-၇၉၅၇၈၈၂၃၃) ဒေါက်တာသက်ဝေဝင်း (၀၉-၂၆၀၅၉၄၈၈၄) တို့ထံ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများအား မမှန်မကန် စွပ်စွဲတရားစွဲဆိုမှုများကို တန်ပြန်တရားစွဲဆိုနိုင်ရန် မိတ်ဖက်ညီနောင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အခိုင်အမာကူညီ ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပျော်ကုန်းကျေးရွာ၊ ပေါက်အင်းမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးသည် ကြိုတင်မဲကောက်ယူစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်မှ မဲဆွယ်စည်းရုံးသည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၁(က)ဖြင့် တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၈ ရက်တွင် စတင်အမှုရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ မူလတန်း ကျောင်းအုပ်ဆရာမကြီးတစ်ဦးကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသက်မပြည့်သေးသူအား မဲပေးခွင့်ပြုသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

သတင်း – သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – ကိုဖြိုးကြီး/စံတော်ချိန်
ပုံစာ – တာမွေမြို့နယ် မဂ္ဂင်လမ်းအမှတ် (၃) မဲရုံတွင် တာဝန်ကျ ဆရာ/ဆရာမများ မဲရုံတာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ်