ရတနာနတ်မယ် (သို့) လျှို့ဝှက်ခြင်းရဲ့သတို့သမီး

အာဏာရှင်ဟောင်းမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌဦးနေဝင်း၏ ဇနီး ဟောင်း ဒေါ်ရတနာ နတ်မယ်(ခ)June Rose Bellamy သည် ယမန် နေ့ (ဒီဇင်ဘာ၁ရက်)က ၎င်းနေထိုင်ရာအီတလီနိုင်ငံ၊ ဖလော်ရင့်စ်မြို့ ၌ သက်ကြီး ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း၎င်း၏သားဖြစ်သူMichele Bellamy Postiglione ကလူမှုကွန်ရက်ပေါ်တွင်ဖော်ပြခဲ့သည်။

ကွယ်လွန်ချိန်တွင်အသက်(၈၈)နှစ်ရှိပြီဖြစ်သည့်ဒေါ်ရတနာနတ်မယ်ကိုမြန်မာနိုင်ငံ၌နှစ်ရှည်ကြာနေထိုင်ခဲ့သည့်သစ်ခွစုဆောင်းသူ ဩစတြေးလျ နိုင်ငံသား၊ အင်္ဂလိပ်လူမျိုး ဟားဘတ် ဘယ်လာမီ (Herbert Bellamy) နှင့် လင်းပင် မင်းသမီး ထိပ်တင်မလတ် တို့က၁၉၃၂ ခု၊ ဇွန်လ ၁ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ကုန်းဘောင်မင်းမျိုးဖြစ်သည့် ၎င်းမှာကနောင်မင်းသားကြီး၏ မြစ်တော်ဖြစ်ပြီး လင်းပင်မင်းသားကြီး၏မြေးတော်လည်းဖြစ်သည်။
ဒေါ်ရတနာနတ်မယ်သည် အိန္ဒိယနိုင်ငံ၊ကာလင်ပေါင်ရှိစိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးရန်ကုန်မြို့တွင်လည်းပညာသင်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက်ဆယ်ကျော်သက်အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်ရတနာနတ်မယ်သည် နယူးရော့ဟာရဲလ်ထရီဗြွန်းသတင်းစာမှဆုချီးမြှင့်သည့်အက်ဆေးပြိုင်ပွဲတွင် “The World We Want”အမည်ရှိအက်ဆေးဖြင့်ဝင်ရောက်ယှဉ်ပြိုင် ဆုရခဲ့ပြီးနိုင်ငံတကာကျောင်း ၃၀ ဦးနှင့်အတူ အမေရိကန် နိုင်ငံသို့အလည် အပတ် သွားရောက်ခွင့်ရခဲ့သည်။

၎င်းကိုမင်းသားကြီးဂရေဂိုရီပက်ပါဝင်သရုပ်ဆောင်သည့်ဟောလိဝုဒ်စစ်ကား “ The Purple Plain”တွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားသော လေသူရဲ၏ စိတ်ဝင်စားမှုခံရသောမြန်မာသူနာပြုတစ်ဦးအဖြစ် ခေါင်းဆောင်သရုပ်ဆောင်ပိုင်းက ပါဝင်ရန်ကမ်းလှမ်းခံခဲ့ရသော်လည်းငြင်းဆန်ခဲ့သည်။

“ဟောလိဝုဒ်ကဟာသတွေပါ။မြန်မာနိုင်ငံနဲ့ပတ်သက်တာအားလုံးကိုစော်ကားထား တာပါ။”ဟု ၎င်းကပြောခဲ့သည်။
ဒေါ်ရတနာနတ်မယ်၏ ပထမခင်ပွန်းမှာသမားတော်တစ်ဦးဖြစ်သည့် မာရီယိုပိုစတစ်လီယိုနီဖြစ်ပြီး ရန်ကုန်၊ဂျီနီဗာ၊ ဒမတ်စကပ်နှင့်မနီလာမြို့များ၌ WHO၏ငှက်ဖျားရောဂါဆိုင်ရာအကြံပေးအဖြစ် တာဝန်များထမ်းဆောင်ခဲ့သည်။ ၎င်းတို့တွင် မိုက်ကယ်ဘယ်လာမီပိုစတစ်လီယိုနီနှင့် မောရစ်ပိုစတစ်လီယိုနီတို့သားနှစ်ဦးကို မွေးဖွားခဲ့ပြီးနောက် ၁၉၅၄ ခုနှစ်တွင် အိမ်ထောင်ရေးတစ်ခန်းရပ်ခဲ့ရသည်။

ဒေါ်ရတနာနတ်မယ်နှင့်အာဏာရှင်ဦးနေဝင်းတို့တွေ့ဆုံခြင်းအစမှာ ဥရောပ၌ နေထိုင်စဉ်၁၉၆၃ခုနှစ်တွင်ဖြစ်ပြီးမြန်မာနိုင်ငံသို့ပြန်လာရန် ဦးနေဝင်းကတိုက်တွန်းခဲ့သော်လည်း ၎င်းကအီတလီမှထွက်ခွာရန်ဆန္ဒမရှိဘဲ နောက်ပိုင်းတွင်အလည်အပတ်လာရောက်ရန်ကမ်းလှမ်းခဲ့သည်။

၎င်းသည်မဆလအာဏာရှင်ဦးနေဝင်းနှင့် ၁၉၇၆ ခုနှစ်တွင်လက်ထပ်ခဲ့ပြီး ဦးနေဝင်း ၏စတုတ္ထမြောက် ဇနီးဖြစ်လာခဲ့သော်လည်းအိမ်ထောင်သက် ငါးလခန့်သာကြာမြင့်ခဲ့သည်။ဦးနေဝင်းက၎င်းအားအိမ်ထောင်ကွဲသူ၊စီအိုင်အေသူလျှိုစသည့်စွပ်စွဲချက်များဖြင့်ကွာရှင်းခဲ့သည်။

ယင်းနောက်၎င်းသည် အီတလီနိုင်ငံသို့ပြန်သွားခဲ့ပြီး ဖလောရင့်စ်မြို့၌ နိုင်ငံတကာ နှင့်အီတလီ အစားအစာ ချက်ပြုတ်နည်းများကိုသင်ကြားပို့ချခဲ့သည်။ ၁၉၈၃ ခုနှစ်မှစ၍ အရှေ့တိုင်းစာနှင့် အီတလီစာ ချက်ပြုတ်နည်းကို သင် ကြားသော (Associazione Culturale Arte e Gastronomia Orientale) အချက်အပြုတ်သင်တန်း ဖွင့်ခဲ့ပြီး”The Soul of Spice” စာအုပ်အပါအဝင် ဟင်းချက်နည်းစာအုပ်အချို့ကိုရေးသားပြုစုခဲ့သည်။၎င်း၏စာအုပ်များကို ၂၀၁၇ခုနှစ်က တူရင်မြို့စာအုပ်ပွဲတော်၌ခင်းကျင်းရောင်းချခဲ့သေးသည်။

ဒေါ်ရတနာနတ်မယ်သည်နောက်ပိုင်းတွင် လူမှုပရဟိတများကိုလည်း လုပ်ဆောင်ခဲ့ပြီးရန်ကုန်အခြေစိုက်ဆရာဝန်များမှတစ်ဆင့် ဆေးကျောင်းမတက်နိုင် သူ အချို့ကို အထောက်အပံ့များပေးခဲ့သည်။

မဆလခေတ်တွင် ဒေါ်ရတနာနတ်မယ်နှင့်ပတ်သက်ပြီး အဖြေမရှာနိုင်သောပုစ္ဆာအများအပြားကျန်ခဲ့သကဲ့သို့ အတည်မပြုနိုင်သောအတွင်းသတင်းမျိုးစုံတို့လည်းထွက်ပေါ်ခဲ့သေးပြီး ထိုခေတ်အခါက လူစိတ်အဝင်စားဆုံး လျှို့ဝှက်သော မင်းသမီးတစ်ပါးအဖြစ်ကျော်ကြားခဲ့သည်။

ရေးသူ-နေသွေးဈာန်
ကိုးကား-Michele Bellamy Postiglione’s facebook ၊ Wikipedia