မန္တလေးတိုင်းအတွင်း COVID-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ တားမြစ်ကန့်သတ်ချက်များ ရက်တိုးမြှင့်

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ရက်ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရမှ ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) ရက်စွဲဖြင့် ယနေ့ (ဒီဇင်ဘာ ၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူများသိရှိစေရန် အသိပေး ကြေညာချက်အား အဆိုပါအသိပေးကြေညာချက်ဖြင့် လွှမ်းမိုးပယ်ဖျက် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေ နေရာများ၊ပန်း​ခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ နိုက်ကလပ်၊ KTV ၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ရုပ်ရှင်ရုံများ၊အနှိပ်ခန်းများ(အကြောပြုပြင်ရေး လုပ်ငန်း)ကိုယ်ကာယကြံ့ခိုင်မှုဝန်ဆောင်မှုလုပ်ငန်း(GYM)နှင့် Spa အလှပြင်ဆိုင်များ၊ဟိုတယ် ၊ မိုတယ်များ၊ တည်းခိုခန်းနှင့် အင်းများအား ယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု ကြေညာချက်တွင် ပါရှိသည် ။

စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်များ အပါအဝင် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့်မပြုတော့ ဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် Take-away စနစ်ဖြင့် ရောင်းချ ရာတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID_19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။

လူစုလူဝေးအများအပြားဖြင့် ကျင်းပမည့် ဘုရားပွဲတော်များ၊ တရားပွဲ / စခန်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ အခြား ပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများကို ခေတ္တ ယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများရှိ တန်ခိုးကြီး ဘုရားများ၊ စေတီပုထိုးများ ဖူးမြော်ခြင်းအား ခွင့်မပြုသေးဘဲ ဖူးမြော်ခွင့်တောင်းခံလာပါက COVID-19 ဗဟိုကော်မတီထံ တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ကြောင်း ထုတ်ပြန်ချက်အရ သိရသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပ နိုင်ငံများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိသူများရှိ နေကြောင်းတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် (COVID-19)ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ သတင်းပို့ကြရန် ဖြစ်ပြီး ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိသူများအားလုံး Community Based Facility Quarantine (၁၄)ရက်နှင့် Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက် အကူဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့် များကို ဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေ အရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သတင်း-သီတာလွင်/စံတော်ချိန်