ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ၊အမှတ်အသားများကို ခွင့်ပြုချက်မရဘဲ ကူးယူခွင့်မပြုရန် ရွေး/ကော်ညွှန်ကြားထား

ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ အထောက်အထားများနှင့် အမှတ်အသားများကို ခွင့်ပြုချက်မရဘဲ ကူးယူခွင့်မပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က​ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ညွှန်ကြားထားကြောင်း နေပြည်တော် ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦး က စံတော်ချိန်သို့အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ဆီညွှန်ကြားထားတာ ဟုတ်တယ်ဗျ။ ရွေး/ကော်ရဲ့ ခွင့်ပြုချက် မရဘဲနဲ့ ကူးယူခွင့်မရှိဆိုတာ ဖုန်းနဲ့ ညွှန်ကြားထားပါတယ်။ မနေ့က ညွှန်ကြားထားတာပါ” ဟု ၎င်းကဆိုသည်။

ထို့ပြင် ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆိုပါ စာရွက် စာတမ်းများကို ခွင့်ပြုချက်မရဘဲ ကူးယူခွင့်မပြုရန် ညွှန်ကြားထားသည်မှာ မှန်ကန်ကြောင်း စံတော်ချိန်သို့အတည်ပြုပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့ကြသည့် မြို့နယ် ၂၁၈ မြို့နယ်ရှိ ရွေးကောက်ပွဲဖြစ်စဉ်များကို ပြန်လည် စိစစ်နေပြီး ထိုကဲ့သို့စိစစ်သည့်အခါ လိုအပ်သည့်စာရွက်စာတမ်းများကို ကူးယူခွင့်တောင်းရာတွင် အများပြည်သူနှင့်သက်ဆိုင်သည့် စာတမ်း အမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပေးရန် ရွေး/ကော်ကို မေတ္တာရပ်ခံထားသည်။

အဆိုပါ စိစစ်ချက်များအပေါ်မူတည်၍ လိုအပ်ပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ တင်သွင်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်က တပ်မတော်၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – ကျော်ကျော်/စံတော်ချိန်