နှာခေါင်းစည်းနှင့်မျက်နှာအကာကွယ်တပ်ဆင်ခြင်း လူထုလှုပ်ရှားမှုစီမံချက်ဖြစ်သည့် Mask and Face Shield Campaign ကို အလေ့အကျင့်မှ အပြုအမူအဖြစ်ပြောင်းလဲသွားသည်အထိဖြစ်ဖို့လိုအပ်သည့်အတွက် အဆိုပါလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်တွင်ပြောကြားသည်။
“လူတိုင်းလူတိုင်းက အလေ့အကျင့်ကနေပြီး အလေ့အထ၊ အလေ့အထကနေပြီး အပြုအမူအဖြစ်ပြောင်းသွားတဲ့အထိ New Normal ရဲ့ အလေ့အကျင့်တွေပါလာအောင်လို့ Mask & Face Sheild ဆိုပြီး Campaign ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြခြင်းဖြစ်တယ်။ Mask ကို မဖြစ်မနေတပ်ပါ။ Face Shield ကိုလည်း တတ်နိုင်သမျှတပ်ပါ။ ဖြစ်နိုင်ရင် နှစ်ခုလုံးတွဲတပ်ပေးပါ” ဟု လူထုလှုပ်ရှားမှုစီမံချက်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်ကာ မြန်မာနိုင်ငံဒေသအသီးသီးရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိသည်။
“ဈေးကိုသွားတယ်။ ကိုယ်ကလည်းတပ်မယ်။ ဈေးမှာရှိတဲ့ ဈေးသည်တွေကလည်း တပ်မယ်၊ ဈေးလာဝယ်တဲ့လူတွေကလည်း တပ်မယ်။ ပြီးတော့ လူဝင်လူထွက်များတဲ့နေရာတွေမှာ Face Sheild တွေပါတပ်မယ်ဆို ဈေးရောင်းဈေးဝယ်တဲ့ပတ်ဝန်းကျင်က လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်မယ်။ လက်တွေကိုလည်း စက္ကန့် ၂၀ ကြာအောင်ဆေးမယ်။ အလ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ ရေမလိုလက်သန့်ဆေးကို အသုံးပြုခြင်းနဲ့ အကာအကွယ်တွေရရှိလာမှာဖြစ်တယ်” ဟု ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) တွင် နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ထုတ်လွှင့်ပြသသည့် COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်တွင် ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသူများမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပညာမြှင့်တင်ရေး ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်၊ ရန်ကုန် (ဆေးတက္ကသိုလ်-၂) မှပါမောက္ခ ဒေါက်တာသင်းသင်းနွဲ့တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
သတင်း – ကြယ်စင်
ဓာတ်ပုံ – MOHS