ရန်ကုန်မှ ပုသိမ်သို့ခိုးဝင်လာသူတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့၊ ထိစပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၁၂ ဦး Quarantine ၀င်ရ

ရန်ကုန်မြို့မှ ပုသိမ်မြို့တွင်းသို့ ခိုးဝင်လာသူတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရသည့်အတွက် ကျန်းမာရေးဝန်ထမ်း ၁၂ ဦး Quarantine ၀င်နေရကြောင်း ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အများပြည်သူအား အသိပေးကြေညာထားသည်။

ထို့အပြင် ၎င်းနှင့်အတူ လှိုင်သာယာမှ Light Truck ယာဉ်ဖြင့်အတူစီးနင်းလိုက်ပါလာပြီး ပုသိမ်ကိုးဆူဂိတ်မရောက်မီ လမ်းဆုံတစ်ခု၌ဆင်းသွားသည့် ခရီးသည် ၈ ဦးအနေနှင့်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် ရေးသားဖော်ပြထားသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့တွင်းသို့ ခိုးဝင်လာသူသည် လူမှုကွန်ရက်တွင် ဖော်ပြထားသည့် ကားနံပါတ်အားစုံစမ်းခဲ့ကြောင်း၊ ထိုသို့စုံစမ်း၍ရသည့် Light Truck ယာဉ်ဖြင့် လှိုင်သာယာမှ ပုသိမ်ကိုးဆူဂိတ်အထိလိုက်ပါစီးနင်းခဲ့ကြောင်း၊ ၎င်းနှင့်အတူစီးနင်းလိုက်ပါသူ ၁၂ ဦးရှိပြီး ကလေး ၄ ဦးပါဝင်ကြောင်း၊ ပုသိမ်မြို့အဝင် ကိုးဆူဂိတ်အနီးတွင် Light Truck ယာဉ်စီစဉ်ပေးသည့် ဆိုင်ကယ်ဖြင့် တောလမ်းမှ မြို့ထဲသို့ပတ်ဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Light Truck ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူ ၁၂ ဦးထဲမှ ၈ ဦးသည် ကိုးဆူဂိတ်မရောက်မီ လမ်းဆုံတစ်ခု၌ ဆင်းသွားခဲ့ပြီး ၎င်းနှင့်အတူ သုံးဦးမှာ ဆိုင်ကယ်ဖြင့် တောလမ်းမှ မြို့ထဲသို့ ညနေ ၄ နာရီခန့်တွင် ဝင်လာခဲ့ကြောင်း၊ ဆေးရုံရှေ့ ထမင်းဆိုင်၌ ထမင်းစားခဲ့ကြောင်း၊ မိမိကိုယ်ကိုယ် မသင်္ကာသဖြင့် ကန်ကြီးထောင့်ရှမ်းရွာရှိ နေအိမ်သို့မပြန်ခင် သွေးလှူရန်အကြောင်းပြကာ သွေးစစ်ရန် ကြိုးစားခဲ့သည်ဟုဆိုသည်။

ထိုမှ သွေးဘဏ်၊ ခွဲစိတ်ဆောင်များသို့ သွားရောက်ပြီး ဆရာဝန်ဆရာမများ၊ ဓာတ်ခွဲဝန်ထမ်းများနှင့် တွေ့ခဲ့၍ ဆရာဝန်ဆရာမများက ခရီးသွားရာဇဝင်မေးမြန်းရာ ရန်ကုန်ပြန်ဖြစ်ပြီး Quarantine မဝင်ထားကြောင်း သိရှိသွားသည့်အတွက် ညတွင်းချင် စစ်ဆေးရာက ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းနှင့် ထိစပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၁၂ ဦးအား Hotel Quarantine နှင့် Home Quarantine ခွဲခြားထားခဲ့ရပြီး ၎င်းအား ဒီဇင်ဘာ ၁ ရက် ည ၁၂ နာရီအချိန်တွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်း၌ (ဒီဇင်ဘာ ၁ ရက်)အထိ COVID-19 အတည်ပြုလူနာ ၂၉၀၆ ဦး၊ သေဆုံးသူ ၁၆ ဦးရှိကြောင်း သိရသည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – Internet