မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများ တရားစွဲဆိုခံရပါက မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ အခမဲ့အကျိုးဆောင်ပေးမည်

၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံတာဝန်များထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများအနေနှင့် မဟုတ်မမှန်တရားစွဲဆိုခံရပါက မေတ္တာဖြင့်အခမဲ့အကျိုးဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

ပါတီအချို့မှ တာဝန်ရှိလူကြီးများ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဝေဖန်သုံးသပ်မှုများပြောဆိုရာတွင် မဲရုံတာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများကို နားပျော်ဘွယ်မကောင်းသောစကားရပ်များသုံးနှုန်းခြင်း၊ တရားစွဲဆိုခြင်းအထိဖြစ်လာသည်ကိုတွေ့ရှိလာရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ရှေ့နေများထံ လာရောက်ဆက်သွယ်သော တရားစွဲဆိုခံ ဆရာ ၊ ဆရာမများဘက်မှ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အနေဖြင့် အခမဲ့လိုက်ပါ အကျိုးဆောင်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ရွေးကောက်ပွဲတွင် အောင်မြင်သူနှင့် မအောင်မြင်သူတို့အကြား အငြင်းပွားမှုသည် ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်ပြီး COVID-19 ရောဂါဖြစ်ပွားခံရသည်အထိ မဲရုံတာဝန်များထမ်းဆောင်ခဲ့သော ဆရာ ၊ဆရာမများအား တရားဥပဒေကြောင်းအရ ဆောင်ရွက်လာကြောင်း ကြားသိနေရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ထို့ကြောင့် တရားစွဲဆိုမှုများထပ်မံမပြုလုပ်ဘဲ စွဲဆိုပြီးသားအမှုများကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (BEWU-CEC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) နှင့် တက္ကသိုလ်ဒီဂရီကောလိပ်နှင့် ကောလိပ်ဆရာသမဂ္ဂများ ကွန်ရက် (UTA-Network) စသည့် ဆရာ၊ ဆရာမအဖွဲ့သုံးဖွဲ့မှ ပူးပေါင်း၍ ဆရာ၊ ဆရာမများအပေါ် မဟုတ်မမှန် ပုတ်ခတ်စွပ်စွဲပြောဆိုနေမှုများ၊ တရားစွဲဆိုမှုများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ နောက်ဆက်တွဲပြဿနာရပ်များအား ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အရေးပေါ်တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းထားသည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပျော်ကုန်းကျေးရွာ လခွဲ ပေါက်အင်း မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးသည် ကြိုတင်မဲကောက်ယူစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်မှ မဲဆွယ်စည်းရုံးသည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၁(က)ဖြင့် တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၈ ရက်တွင် စတင်အမှုရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ မူလတန်း ကျောင်းအုပ်ဆရာမကြီးတစ်ဦးကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသက်မပြည့်သေးသူအား မဲပေးခွင့်ပြုသည်ဟူသည့်စွပ်စွဲချက်ဖြင့် ရဲစခန်း၌ တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

သတင်း – သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – ကိုဖြိုးကြီး/စံတော်ချိန်
ပုံစာ – တာမွေမြို့နယ် မဂ္ဂင်လမ်းအမှတ် (၃) မဲရုံတွင် တာဝန်ကျ ဆရာ/ဆရာမများ မဲရုံတာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ်