ဂျပန်၊ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်သံရုံးရှေ့ဆန္ဒပြသူများကို ဖမ်းဆီးမည်

ယနေ့ (ဒီဇင်ဘာ ၆ ရက်) နံနက်ပိုင်းတွင် ဂျပန်၊ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်သံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား အမှုဖွင့်ဖမ်းဆီး၍ အရေးယူသွားရန် စီစဉ်နေကြောင်း ဒဂုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

အဆိုပါ သံရုံးရှေ့များ၌ ဆန္ဒပြခဲ့သူများသည် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျေနပ်မှုမရှိသည့်အတွက် ” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အလိုမရှိ” ” ပြည်သူ့ဆန္ဒ အမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ်အလိုမရှိ” ” ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲ” စသည့်စာသားများပါသည့် လက်ကိုင်ဆိုင်းဘုတ်များကိုင်ဆောင်ကာ အဖွဲ့ခွဲ၍တစ်ပြိုင်နက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

“အခုလောလောဆယ် အမှုဖွင့်ဖို့လုပ်နေပါပြီ။ ဘယ်နှစ်ဦးလဲဆိုတဲ့ အရေအတွက်ကတော့ ပြောလို့မရသေးဘူးဗျ။ အကုန်လုံးဖမ်းဆီးမှု မပြီးသေးလို့ပါ” ဟု ဒဂုံမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဦးဆောင်ခဲ့သူများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီးက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – နေမင်းကျော်/စံတော်ချိန်
ဓာတ်ပုံ – Khin Phyo Hlaing FB