ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုရတာကြောင့် မယုံကြည်နိုင်လောက်အောင် ခံစားရကြောင်း လီဝန်ဒေါစကီး ပြော

ယမန်နေ့က ကျင်းပတဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားမှာ ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုရခဲ့ပြီးနောက် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး က မယုံကြည်နိုင်လောက်အောင်ဖြစ်မိကြောင်း ပြောလိုက်ပါတယ်။

လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၄၇ ပွဲမှာ ၅၅ ဂိုးအထိသွင်းနိုင်ခဲ့ပြီး အသင်းနဲ့အတူ ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အကောင်းဆုံးဆုကို လက်ခံရယူအပြီးမှာ လီဝန်ဒေါစကီး က “မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့လို ကမ္ဘာ့အကောင်းဆုံးဆု ရသူတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားတာက လုံးဝမယုံကြည်နိုင်စရာပါပဲ။ ကျွန်တော့်အတွက်တော့ ဒီဆုက အများကြီး အဓိပ္ပာယ်ရှိစေတယ်”လို့ ဆိုပါတယ်။

ဒီနှစ် ဖီဖာအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို COVID-19 ဂယက်ကြောင့် ဗီဒီယိုကွန်ရက်စနစ်နဲ့ပဲ ကျင်းပနိုင်ခဲ့ပြီး တခြားအကောင်းဆုံးတွေကိုပါ ချီးမြင့်ရာမှာ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်နဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နျူရယ်နျူအာတို့က အသီးသီးရကြပြီး တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုး ပွတ်ရှ်ကတ်ဆုကိုတော့ ယမန်နှစ် ဒီဇင်ဘာလက ဘန်လေနဲ့စပါးတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၉၄ ကိုက်အကွာကနေ တစ်ကိုယ်တော်လိမ်ခေါက်ဆွဲပြေးကန်သွင်းခဲ့တဲ့ တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်ရဲ့သွင်းဂိုးက ရသွားတယ်လို့ ဖီဖာဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကိုးကား – FIFA
သတင်း – မောင်ဇေယျ