ပြည်နယ်အရေးများကို တိုင်းရင်းသားကိုယ်စားလှယ်အနည်းငယ်ဖြင့်သာ ဆောင်ရွက်နိုင်ရန်ပြင်ဆင်ထားဟု KySDP ပါတီ ပြော

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုနည်းခဲ့သည့်အတွက် တိုင်းရင်းသားကိုယ်စားလှယ်အနည်းငယ်ဖြင့်သာ ပြည်နယ်အရေးများကို ဆောင်ရွက်နိုင်ရန်ပြင်ဆင်ထားကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအထွေထွေအတွင်းရေးမှူး ခူးသဲရယ် က စံတော်ချိန်သို့ပြောသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ဒေသခံအရေးကို ဦးစားပေးမည့်ပါတီဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုဆန်းစစ်ပြီးမှ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများနှင့် သဘောတူညီမှုများပြုလုပ်မည်ဆိုသည့် မူဝါဒချမှတ်ထားသောပါတီဖြစ်သည့်အတွက် အကျိုးစီးပွားဆက်နွယ်မှုများရှိနေသော ကယားပြည်နယ်၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အနိုင်မရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် တိုင်းရင်းသားအရေးများကို လက်တွေ့ကျကျ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ် က ပြောသည်။

“အဓိကကတော့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့လိုတယ်။ တိုင်းရင်းသားလူနည်းစုကို ကိုယ်စားပြုပြီး ရပ်တည်ဆောင်ရွက်ဖို့လိုတာပေါ့။ တစ်ဖက်က တိုင်းရင်းသားအရေးကိုဆောင်ရွက်တယ်။ အလေးထားတယ်လို့ပြောပြီးတော့မှ လက်တွေ့မှာတော့ ဘာမှမရှိဘူး။ ဥပမာ တိုင်းရင်းသားတွေရဲ့ အာဇာနည်နေ့တွေဆိုရင် ပွဲလုပ်ခွင့်မရှိဘူး။ သူတို့ကြတော့ ကြိုက်သလိုလုပ်တယ်။ ကျွန်တ်ာတို့က ကန့်ကွက်တယ်ဆိုရင် အရေးယူတာတွေလုပ်လာတယ်။ နောက်ပြီးတော့မှ ကြေးရုပ်ကိစ္စတွေ ဒါက တိုင်းရင်းသားအရေးဆောင်ရွက်တာမှမဟုတ်ဘဲ။ လူမျိုးကြီးပုံစံမျိုးနဲ့ လာပြီး ချယ်လှယ်တာပေါ့။ ကျွန်တော်တို့လိုချင်တာကတော့ NLD က အင်အားကြီးတဲ့ ပါတီဖြစ်တယ်။ နောက်ပြီးတော့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ခေါင်းဆောင်ရှိတယ်ဆိုတာလည်း ကျွန်တော်တို့က ငြင်းစရာမရှိပါဘူး။ သို့ပေမယ့်လည်း ကျွန်တော်တို့လို လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားအရေးကိုလည်း အလေးထားဆောင်ရွက်ဖို့လိုတယ်။ သူတို့ပါတီထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေပါသွားတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့တိုင်းရင်းသားကို ကိုယ်စားပြုတာမျိုး မရှိဘူး။ ရှိတယ်ဆိုတာတောင်မှ အရေးယူခံရတာမျိုးရှိတယ်” ဟု ခူးသဲရယ် က ထောက်ပြပြောဆိုသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ၂ ဦး ပြည်သူ့လွှတ်တော်တွင်ကိုယ်စားလှယ် ၂ ဦးနှင့် အမျိုးသားလွှတ်တော်တွင်ကိုယ်စားလှယ် ၃ ဦးဖြင့် အနိုင်ရရှိခဲ့သည့်ပါတီဖြစ်သည်။

သတင်း – ကျော်သက်အောင်၊ နေမင်းကျော်/စံတော်ချိန်
ဓာတ်ပုံ – Kysdp