ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ စိစစ်ထုတ်ပြန်ရာတွင် တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိ၊ တပ်မတော်က မဲစာရင်းများစိစစ်နေမှုကို ဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်

နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို စိစစ်ထုတ်ပြန်ရာတွင် တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်းဆောင်ရွက်ထားခြင်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားလိုက်သည်။

ယနေ့(ဒီဇင်ဘာ ၃၀ ရက်)က နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက်တွင်ပြုလုပ်သည့် တပ်မတော်ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တပ်မတော်အနေဖြင့် မဲဆန္ဒရှင်စာရင်းများကို စိစစ်ထုတ်ပြန်ရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့်ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိကိုမေးမြန်းရာ ၎င်းကအထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“တပ်မတော်နဲ့ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိပါဘူး။ တပ်မတော်အနေနဲ့က တပ်မတော်သား မဲဆန္ဒရှင်တွေ မဲပေးခဲ့တဲ့နယ်မြေတွေမှာ တွေ့ရှိချက်တွေကို လိုအပ်ရင် လိုအပ်သလို ပြောသွားမှာဖြစ်တယ်လို့ ပြောခဲ့ပြီးသားပဲဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့ကြသည့် မြို့နယ် ၂၁၈ မြို့နယ်ရှိ ရွေးကောက်ပွဲဖြစ်စဉ်များကို ပြန်လည်စိစစ်ထုတ်ပြန်ရာတွင် မှတ်ပုံတင်ကတ်များ ထပ်နေသည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ စစ်ဆေးခြင်းမှာ နည်းပညာကိုအခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။

“စစ်ဆေးတဲ့အခါမှာ အများအားဖြင့် လူတစ်ယောက်ရဲ့ ID မှတ်ပုံတင်ကတ်တွေကို အဓိကထားပြီး စစ်ဆေးခဲ့တယ်။ မှတ်ပုံတင်တွေနဲ့ပတ်သက်ပြီးတော့ Excel File မှာ စစ်ဆေးတဲ့အခါ မှတ်ပုံတင်ကတ်တွေ ထပ်နေတာတွေ့ရှိခဲ့ရတယ်။ ဒါတွေက နည်းပညာနဲ့အခြေခံပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဥပဒေအတိုင်းပဲ ဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ်။ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ၆၈(က)နည်းဥပဒေ (၈၇)တို့အရ ယှဉ်ပြိုင်အရွေးခံတဲ့ မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းမဆို၊ မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မည်သည့်မဲဆန္ဒရှင်မဆို ကန့်ကွက်နိုင်တာဖြစ်ပါတယ်။ ယခုကန့်ကွက်တာကတော့ တပ်မတော်သားများအနေဖြင့် မဲဆန္ဒရှင်အနေနဲ့ ကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းရာတွင် တင်သွင်းမည့် မဲဆန္ဒနယ်အရေအတွက် မည်မျှရှိကြောင်းကို အတိအကျမသိရသေးဘဲ စာရင်းများကို စိစစ် စစ်ဆေးနေဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များထဲမှ မြို့နယ်လေးမြို့နယ်၏ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများကို ဒီဇင်ဘာ ၂၃ ရက်က ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့သည်။ အဆိုပါမြို့နယ်များတွင် အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် တနိုင်းတို့ပါဝင်သည်။

ထို့အပြင် ဒုတိယအကြိမ်အနေဖြင့် မြစ်ကြီးနား၊ လယ်ဝေး၊ စေကုတ္တရာမြို့နယ်မှ မဲစာရင်းများကိုထုတ်ပြန်ခဲ့ပြီး တတိယအကြိမ်အနေဖြင့် ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနားနှင့်၊ တံတားဦးမြို့နယ်များမှ မဲစာရင်းများကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့