ရွေးကောက်ပွဲကော်မရှင်အား စုံစမ်းစစ်ဆေးရန် ခိုင်လုံသောအချက်အလက်များ လိုအပ်ဟုဆို

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲစာရင်းကွာဟကြောင်း စိစစ်တွေ့ရှိမှုများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်အား စုံစမ်းစစ်ဆေးရန်မှာ မှန်းဆချက်များသာရှိနေပြီး ခိုင်လုံသောအချက်အလက်များလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က စံတော်ချိန်သို့ ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမယ်ဆိုရင် ရွေးကော်ကို စုံစမ်းစစ်ဆေးဖို့ ခိုင်လုံတဲ့ အချက်တွေလိုတာပေါ့ဗျာ။ အခုမဲမသမာမှု ဖြစ်နိုင်သောဆိုတာက ဖြစ်ခဲ့တာမဟုတ်ဘူးလေ။ ဖြစ်ခဲ့တဲ့ဟာကိုပဲ စုံစမ်းစစ်ဆေးလို့ရမှာ။ ဖြစ်နိုင်မှာဆိုတာက ဒီဟာကမှန်းဆချက်သက်သက်ဖြစ်တယ်။ မှန်းဆချက်တစ်ခုပေါ်မှာ စုံစမ်းစစ်ဆေးမှုလုပ်တဲ့ အစဉ်အလာကတော့ ကျွန်တော်တို့ မတွေ့သေးဘူးခင်ဗျ” ဟု ဒေါက်တာမျိုးညွန့် က ပြောသည်။

တပ်မတော်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကွာဟချက်များ ဖြစ်ပေါ်နေသည့်အခြေအနေကြောင့် တပ်မတော်သားများဆန္ဒမဲပေးခဲ့သည့် မြို့နယ်များကို မဲစာရင်းစိစစ်မှုများပြုလုပ်ခဲ့ပြီး ထုတ်ပြန်မှု ၃ ကြိမ်တွင် မြို့နယ် (၁၀) မြို့နယ်အတွက် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသောစာရင်း (၅၉၇၀၇) နှင့် မဲမသမာမှုဖြစ်စေနိုင်သည့် စာရင်း (၁၁၈၇၅၁) ထိရှိနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒါတွေနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မှာတွေကတော့ ဥပဒေအတိုင်းပဲ ဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ်။ ဥပဒေထဲမှာ အကျုံးဝင်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဒီဇင်ဘာ ၃၀ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများ၏မေးမြန်းမှုနှင့်ပတ်သက်၍ ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကန့်ကွက်ဆန္ဒပြပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၌ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီနှင့် တပ်မတော်ထောက်ခံသူများက ဦးဆောင်ပြုလုပ်ခဲ့ပြီး တပ်မတော်နှင်အတူအသင့်ရှိကြောင်းနှင့် ရွေးကောက်ပွဲစုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် တောင်ဆိုခဲ့ကြသည်။

သတင်း – နေမင်းကျော်/စံတော်ချိန်
ဓာတ်ပုံ – စံတော်ချိန်