မဲရလဒ်ကန့်ကွက်ခြင်းသည် အရွဲ့တိုက်နေခြင်းမဟုတ်ဘဲ ယုံကြည်အောင်စစ်ဆေးပေးပါက ပြဿနာရှင်းလင်းမည်ဟု ဦးခင်ရီပြော

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းရလဒ်များကို ကန့်ကွက်နေခြင်းသည် အရွဲ့တိုက်နေခြင်းမဟုတ်ဘဲ ယုံကြည်မှုပြဿနာဖြစ်ပွားနေခြင်းဖြစ်ပြီး ယုံကြည်အောင်စစ်ဆေးပေးပါက ပြဿနာရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားခဲ့သည်။

ယနေ့(ဇန်နဝါရီလ ၅ ရက်)နံနက်ပိုင်းက ရန်ကုန်မြို့၌ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ပေးပါ။ မှားရင် ကျွန်တော်တို့ကို အရေးယူပါ။ တရားဝင်ထုတ်ပြန်ချက်တွေအပေါ်မှာ ကျွန်တော်တို့ကတွေ့နေပြီ။ တွေ့တာလည်း နည်းနည်းနောနောမဟုတ်ဘူး။ ကလေးစကားပြောသလို အရွဲ့တိုက်နေတာလဲမဟုတ်ဘူး။ တော်တော်ကို ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ အသက်ဆို ၄ နှစ်သားက ပါနေတယ်။ အသေးစိတ်ပြောရင် သိပ်ကြာနေမှာစိုးလို့ပါ။ အသေးစိတ် ကျွန်တော်တို့မှာ ရှိနေတဲ့အတွက်ကြောင့် သေချာချင်တယ်ဆိုရင် လုပ်ပေးလိုက်ပါ။ ယုံကြည်မှုပြဿနာဖြစ်နေတယ်။ ကျွန်တော်တော့ မယုံဘူး။ မယုံတာကို ယုံအောင်လုပ်ပေးလိုက်ရင် ဒါရှင်းပါပြီ။ ဒီအတိုင်းတော့ ဘယ်လိုမှ မယုံနိုင်ဘူး၊ ဘယ်လိုမှ အသိအမှတ်မပြုနိုင်ဘူး” ဟု ဦးခင်ရီ က ပြောကြားခဲ့သည်။

ထို့အပြင် ပါတီအနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် တောင်းဆိုနေခြင်းမဟုတ်ဘဲ မဲစာရင်းများပြန်စစ်ပေးရန်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တစ်ရက်ထဲကိုကြည့်၍ အဆင်မပြေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“အခုကျွန်တော်တို့ တစ်ချက်တည်းတောင်းနေတာပါ။ ဘာတောင်းတာလဲဆိုတော့ Re-election ရွေးကောက်ပွဲပြန်လုပ်ဖို့ကို တောင်းတာမဟုတ်ဘူး။ Recounting လုပ်ဖို့တောင်းတာ။ ဒီလိုတွေဖြစ်တယ်၊ စစ်ပေးပါ။ ဒီနေ့ စစ်ပေးလိုက်ရင် ဒီနေ့ပြီးသွားပြီ။ ယုံကြည်တယ်ဆိုရင် စစ်ပေးလိုက်ပါ။ ရွေးကောက်ပွဲတစ်ရက်ထဲကိုကြည့်ပြီးတော့ နိုင်ငံတကာကပြောနေတယ်ဆိုတာက ပြည့်ပြည့်စုံစုံမဟုတ်ပါဘူး။ တစ်ရက်တည်းကို ကြည့်ရင်တော့ ဟုတ်တာပေါ့ဗျာ။ ဘာမှ​လည်းမဖြစ်သွားဘူးလေ အဆင်ပြေသွားတယ်။ ဒါပေမဲ့ Process တစ်ခုလုံးကို ကြည့်ပြီး ငြင်းဆိုရတာဖြစ်ပါတယ်” ဟု ဦးခင်ရီ က ပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံတော်သမ္မတထံတင်ပြသော်လည်း အကြောင်းမပြန်သည့်အတွက် တရားရေးမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်အထိ စာချွန်လွှာများပို့ကာ ပြည်ထောင်စုတရားလွှတ်တော်က စစ်ဆေးမည်ကို စောင့်ဆိုင်းနေကြောင်း၊ ဥပဒေကြောင်းအရ လုပ်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခင်ရီ ကဆက်လက်ပြောကြားခဲ့သည်။

သတင်း – စွမ်းရည်တိုး
ဓာတ်ပုံ – USDP