ရွေးကောက်ပွဲပြန်လည်ကျင်းပရန် မည်သည့်အဖွဲ့အစည်းမျှ လုံခြုံရေးအာမခံချက်မပေးထားဟုဆို

ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသော ရခိုင်ပြည်နယ်တွင်းမှဒေသများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တပ်မတော်အပါအဝင် အခြားအဖွဲ့အစည်းများက တောင်းဆိုနေကြသော်လည်း လုံခြုံရေးဆိုင်ရာ အာမခံချက်ပေးထားခြင်းမရှိသေးကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားလိုက်သည်။

ယနေ့ (ဇန်နဝါရီ ၈ ရက်)မွန်းလွဲ ၃ နာရီကပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေး က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့က ဒီလုံခြုံရေးဆိုင်ရာအာမခံချက်လည်းလိုတယ်။ ပြီးရင် ရွေးကောက်ပွဲ process တွေက အများကြီးရှိတယ်။ မဲစာရင်းတွေပြုစုရအုံးမယ်။ ရခိုင်မှာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ထားတာတော်တော်များတယ်။ အဲဒီမှာလည်း ရှိတဲ့ရပ်ကျေးစာရင်းနဲ့ပဲလုပ်မလားပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကို ဒါလုပ်ဒါလုပ်ဆိုပြီး ပြောလို့မရဘူး။ သူက independent ကော်မရှင်ဖြစ်တာကိုး။ ဒီအပိုင်းနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်ကလည်း သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးဖြစ်တယ်။ ဒီအပိုင်းမှာလည်း သမ္မတရုံးရော၊ UEC ရော လုံခြုံရေးနဲ့ပတ်သက်တဲ့ အာမခံချက်သဘောထားတွေပေးသလား၊ ဒီလာတဲ့အချိန်အထိ ဘယ်ဌာနကမှ အာမခံချက်ပေးထားတာမရှိဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် တပ်မတော်နှင့် AA အဖွဲတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကို နားလည်မှုသဘောနှင့်ရပ်စဲထားပြီး ထိုကဲ့သို့ရပ်စဲထားခြင်းကလည်း ပြည်သူများအပေါ်အဆင်ပြေစေပြီး စစ်ဘေးရှောင် ရှစ်သောင်းခန့်က နေအိမ်ပြန်ကြပြီဖြစ်သော်လည်း ရွေးကောက်ပွဲကျင်းပရာတွင် ၎င်းတို့မဲပေးမည့်ပါတီကို ၎င်းတို့ဆန္ဒသဘောအတိုင်း မဲပေးခွင့်ရရန် အရေးကြီးကြောင်း ဦးဇော်ဌေး က ဆိုသည်။

“လတ်တလောမှာ နှစ်ဖက်လုံးက ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဆက်ပြီး ရပ်စဲထားတယ်။ ဆက်ပြီးထိန်းထားပါ။ ပြီးရင် အစိုးရ၊ UEC အပိုင်းကပါဝင်ဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ ဒီအပိုင်းတွေလည်း ဆက်ပြီးညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးတော့ဘူးပေါ့။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲက ပါဝင်ယှဉ်ပြိုင်မယ့်ပါတီတွေလည်း တန်းတူရည်တူပါဝင်ယှဉ်ပြိုင်ခွင့်ရှိရမယ်။ ပါတီတစ်ခုတည်း အလေးသာမယ့်ဟာ မဖြစ်ရဘူး။ မဲပေးမယ့်သူဟာလည်း ကိုယ်မဲပေးမယ့်ပါတီကို ကိုယ့်သဘောဆန္ဒနဲ့မဲပေးပိုင်ခွင့်ရှိရမယ်”ဟု ၎င်းကဆိုသည်။

လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံကိုယ်စားလှယ်သစ်များပါဝင်မည့် လွှတ်တော်အစည်းအဝေးပြန်စတော့မည်ဖြစ်၍ ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိခဲ့သည့် ရခိုင်ပြည်နယ် ကိုးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့တို့တွင်ရွေးကောက်ပွဲများဆောလျင်စွာအမြန်ဆုံးကျင်းပနိုင်ရေးအတွက် တပ်မတော်က ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်တောင်းဆိုထားသည်။

သတင်း – မိုးသိမ့်နိုင်
ဓာတ်ပုံ – ကျော်ကျော်
ပုံစာ – ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဲရုံတာဝန်ကျဆရာ၊ ဆရာမများ ကြိုတင်မဲများရေတွက်နေစဉ်