ရွေးကောက်ပွဲ အသိအမှတ်မပြုသူများအား ဂရုစိုက်နေမည်မဟုတ်ဘဲ အခြေခံဥပဒေအတိုင်း သမ္မတရွေးချယ်ပွဲဆက်လုပ်မည်၊ အမေရိကန် ကွန်ဂရက်လွှတ်တော်ဖြစ်စဉ်ကဲ့သို့ စိုးရိမ်စရာမရှိဟုဆို

၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်များအပေါ် အသိအမှတ်မပြုသူများအား ဂရုစိုက်နေမည်မဟုတ်ဘဲ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုက အသိအမှတ်ပြု၍ မဲပေးခြင်းဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လွှတ်တော်ခေါ်ယူ၍ သမ္မတရွေးချယ်ပွဲကို အခက်အခဲမရှိ ဆက်လုပ်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားခဲ့သည်။

ယနေ့(ဇန်နဝါရီ ၈ ရက်)တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် သတင်းမီဒီယာများ မေးမြန်းမှုအပေါ် ဦးဇော်ဌေး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာမှာလား၊ မလိုက်နာဘူးလား ဒီမေးခွန်းပဲရှိတယ်။ ကျွန်တော်တို့တော့ အသိအမှတ်မပြုဘူးဆိုရင် အသိအမှတ်မပြုလည်း…နေလေ။ အသိအမှတ်မပြုတော့လည်း အသိအမှတ်မပြုနဲ့ပေါ့နော်။ သူအသိအမှတ်မပြုလည်း တစ်ပြည်လုံးက အသိအမှတ်ပြုတယ်။ ပြည်သူလူထုက အသိအမှတ်ပြုလို့ မဲပေးထားတာ။ အဲတော့ အသိအမှတ်ပြုသည်ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်ခေါ်တယ်။ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေအရ ရွေးချယ်ပွဲတွေလုပ်သွားမယ်။ သဘာပတိတင်မြှောက်မယ်၊ လွှတ်တော်ဥက္ကဋ္ဌရွေးမယ်။ သမ္မတရွေးချယ်ပွဲကို စလုပ်ရမှာ အဲဒါပဲ။ ဒါတွေနဲ့ပတ်သက်လို့ ဘာတစ်ခုမှအခက်အခဲမရှိဘူး။ နောက်အစိုးရအလွှဲအပြောင်း အခက်အခဲရှိလားဆိုရင် အခက်အခဲမရှိပါဘူး။ အခုဟာက အစိုးရတစ်ရပ်နဲ့ တစ်ရပ် သီးသန့်လွှဲပြောင်းတဲ့ဟာမျိုး မဟုတ်တော့ ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်” ဟု ဦးဇော်ဌေး က ပြောကြားခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲအသိအမှတ်မပြုသူများအနေဖြင့် “ဒိုင်ညစ်တယ်”ဟုသာ ပြောနေပါက အဆင်မပြေကြောင်း၊ နိုင်ငံတကာတွင် ရွေးကောက်ပွဲရလဒ်ရှုံးနိမ့်ပါက ပါတီညီလာခံခေါ်၍ ပြန်လည်သုံးသပ်ခြင်း၊ အရှုံးရလဒ်အပေါ်တာဝန်ခံခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်းများ ပြုလုပ်သည့် သာဓကရှိကြောင်း ဦးဇော်ဌေး က ဆက်လက်ပြောသည်။

“အဲတော့ အသိအမှတ်မပြုဘူးဆိုရင် သူတို့ရွေးချယ်စရာနှစ်ခုရှိတယ်။ နိုင်ငံတကာမှာ လုပ်နေကျက ပါတီတစ်ခုလုံး ညီလာခံခေါ်ပြီး ပြန်သုံးသပ်တယ်။ ရှုံးတယ်၊ တာဝန်ရှိတဲ့ ဥက္ကဋ္ဌထွက်တယ်။ နောက်လူတက်ပြီး Reform ပြန်လုပ်တယ်။ နောင်လာမယ့်ရွေးကောက်ပွဲကျရင် နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာ ခေါင်းဆောင်မှုတွေကအစ ပြောင်းပြီးလုပ်တာ။ ဒါနိုင်ငံတကာမှာ လုပ်တဲ့လုပ်ထုံးလုပ်နည်းပါ။ အဲလိုမဟုတ်ဘူး၊ ပြောရရင် ဒိုင်ညစ်တယ်ပေါ့ဗျာ။ ဒိုင်ညစ်တယ် ဒိုင်ညစ်တယ်၊ ဒါပဲပြောပြီး လုပ်နေရင်တော့ အဆင်မပြေဘူးပေါ့” ဟု ဦးဇော်ဌေး က ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်လွှတ်တော်အဆောက်အဦသို့ မဲရလဒ်လက်မခံသူများက ၀င်ရောက်စီးနင်းသည့်ဖြစ်စဉ်မျိုး မြန်မာနိုင်ငံတွင် မဖြစ်နိုင်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း ဦးဇော်ဌေး က ဆိုသည်။

“ဒီမှာ(နေပြည်တော်) ငလိုက်ချောင်းကြီးရှိတယ်။ ပြီးရင် ကူးတဲ့တံတားရှိတယ်။ ပြီးရင်ဂိတ်တွေ၊ ဂိတ်တွေ ကျွန်တော်တို့လုပ်ထားတယ်။ မစိုးရိမ်ပါနဲ့။ မစိုးရိမ်နဲ့ဆိုတာ ဒီအမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အဦကြီးက ဝါရှင်တန်မြို့လယ်မှာရှိတာ။ ဒီမှာက ရဲလုံခြုံရေးရှိတယ်။ တပ်လုံခြုံရေးရှိတယ်၊ အိမ်တော်လုံခြုံရေးအဆင့်ဆင့်ရှိတယ်။ အတွင်းစည်းလုံခြုံရေး အပြင်စည်းလုံခြုံရေးရှိတယ်။ အဲ့တော့ စိုးရိမ်စရာမလိုပါဘူး” ဟု ၄င်းကဆိုသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၌ တရားစွဲဆိုတိုင်ကြားခြင်းများ လုပ်ဆောင်သည့်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ကိုယ့်နိုင်ငံရေးကို ကိုယ်ဆွဲကြိုးချသကဲ့သို့ ဖြစ်နေကြောင်းလည်း ဦးဇော်ဌေး က တုံ့ပြန်ခဲ့သည်။

သတင်း – စွမ်းရည်တိုး
ဓာတ်ပုံ – Myanmar President Office Press Briefing