ကာညေးဝက်စ်နဲ့ ကင်မ်ကာဒါရှီယန်တို့ရဲ့ အိမ်ထောင်ရေး ကွာရှင်းပြတ်စဲဖို့ ပိုနီးစပ်လာ

ကာဒါရှီယန်မိသားစုရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်တဲ့ “Keeping Up With The Kardashians” အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းအတွက် ရိုက်ကူးရေးမှာ ကာညေးဝက်စ်ကို မတွေ့ရတာကြောင့် ကင်မ်ကာဒါရှီယန်နဲ့ ကွာရှင်းမယ့် သတင်းတွေက လူပြောများစရာ ပိုဖြစ်လာပါတယ်။

အိမ်ထောင်သက် ၆ နှစ်ကြာမြင့်ခဲ့တဲ့ ကာညေး နဲ့ ကင်မ်တို့ရဲ့အိမ်ထောင်ရေးဟာ ယမန်နှစ်ကတည်းက အဆင်မပြေခဲ့ရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သူတို့နှစ်ယောက်စလုံး ကွာရှင်းပြတ်စဲဖို့ ဥပဒေအတိုင်ပင်ခံတွေနဲ့ စတင်ဆွေးနွေးနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

၎င်း သတင်းတွေကို ကာညေးရော ကင်မ်ပါ အတည်မပြုသေးပေမယ့် ကာဒါရှီယန်မိသားစုအကြောင်း ရိုက်ကူးတင်ဆက်တဲ့ ရုပ်/သံအစီအစဉ် ရိုက်ကူးရေးမှာ ကာညေး မပါတာက သူတို့ရဲ့အိမ်ထောင်ရေး အဆင်မပြေတာတွေကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။

ကင်မ်ကာဒါရှီယန်ဟာ “Keeping Up With The Kardashians” အစီအစဉ် နောက်ဆုံးအပိုင်း ရိုက်ကူးရေးရဲ့နောက်ကွယ်က ပုံရိပ်တချို့ကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပြီး ဓာတ်ပုံတွေထဲမှာ သူ့ညီအစ်မတွေနဲ့ မိသားစုဝင်တွေပဲ ပါဝင်ခဲ့ကြောင်း The Mirror သတင်းစာမှာ ဖော်ပြထားပါတယ်။

ကိုးကား – The Mirror
သတင်း – မောင်ဇေယျ