“သရုပ်ဆောင် ရတနာဗိုလ်နှင့် ဆက်သွယ်မေးမြန်းခြင်း”

“အရင်ထက်စာရင် ပြောင်းလဲလာတယ်”

နှင်းစုမွန် ဆက်သွယ်မေးမြန်းသည်။

သရုပ်ဆောင် ရတနာဗိုလ်နှင့် ဆက်သွယ်၍ သမီးဆိုး ဇာတ်လမ်းတွဲလက်ခံရိုက်ကူးဖြစ်သည့် အကြောင်း၊ ဇာတ်လမ်းတွဲတွင်ပါဝင်မည့် ကာရိုက်တာ အကြောင်းအရာများအပြင် အခြားသိရှိလိုသမျှ မေးမြန်း ဖော်ပြလိုက်ပါသည်-

မေး – သမီးဆိုး ဇာတ်လမ်းတွဲ လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပြပေးပါဦး။

ဖြေ – သမီးဆိုးဇာတ်လမ်းတွဲကတော့ မဟာရုပ်သံလိုင်းမှာ ပြမှာပါ၊ ဒါရိုက်တာကတော့ မယ်မင်း ဘုံပါ။ ဒီဇာတ်ကားလေးရဲ့ ဇာတ်လမ်းကို ကြိုက်တာကြောင့်လည်း ပါတယ်။ ဇာတ်လမ်းက မိသားစု ဇာတ်လေးကိုမှ တစ်ယောက်တစ်မျိုးစီ ကာရိုက်တာ မတူတာလေးတွေ၊ ကွဲပြားတာလေးတွေကို ပေးထားတယ်။ ဇာတ်လေးက အရမ်းကောင်းတယ်လို့ ပြောရမယ်။ အဲဒါကြောင့် လက်ခံရိုက်ကူး ဖြစ်တာပါ။

မေး – ပါဝင်ရိုက်ကူးရမယ့် ကာရိုက်တာပုံစံလေးကိုလည်း ပြောပြပေးပါဦး။

ဖြေ – ဒီဇာတ်လမ်းမှာက သမီးနှစ်ယောက်ရှိတယ်။ သူတို့ရဲ့ အဖေက ဆိုးသွမ်းတယ်။ အမေက ရိုးတယ်။ အေးတယ်။ ဗိုလ်ကကျတော့ အမေတူတဲ့သမီးလေးပေါ့။ ရိုးရိုးအေးအေးလေးပါပဲ။ ကိုယ့် မိသားစုအပေါ်မှာလည်း နားလည်မှုအပြည့်ရှိတယ်။ ကိုယ်ချင်းစာပေးတဲ့၊ ရိုးတယ်၊ အေးတယ်ဆိုတဲ့ ပန်းချီဆရာမလေးပေါ့။ အဲဒီလိုမျိုး ကာရိုက်တာလေးပါပဲ။

မေး – ကိုယ့်ရဲ့ အပြင်ကပုံစံနဲ့ ဒီကာရိုက်တာက တူတယ်လို့ ထင်လား။

ဖြေ – အပြင်ကနဲ့တော့ မတူဘူး။ သွက်လာတာပေါ့။ အလုပ်မှာကျ တော့လည်း အားလုံးက မောင်နှမတွေလို ဖြစ်သွားတာပေါ့။ အလုပ် ကလည်း သင်သွားတယ်။ ဒီလူတွေကလည်း အရမ်းရင်းနှီး နေတော့ နည်းနည်းလေး သွက်သွားတာပေါ့။ ဗိုလ်အရင်က ဆိုရင် လူအရမ်းကြောက်တယ်။ လူရှေ့လည်း မထွက်ရဲဘူး။ စကားမပြောတတ်ဘူး။ စကားကို သုံးလေးခွန်းထက်ပိုပြီး မပြောတတ်ဘူး။ နောက်ပိုင်းကျတော့ ကိုယ့်ကိုယ်ကိုယ်လည်း မြင်လာတော့ ပြင်လာတယ်။ အရင်ကဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း သိပ်မရှိဘူး။ အခုကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိအောင် နေတာ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာက အစ လူတွေနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးပိုဖြစ်အောင် ဗိုလ်ဘက် ကနေပြီးတော့ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေကို မြင်မြင်လာတဲ့အခါ ပြန်ပြင်ယူလာပါတယ်။

မေး – သမီးဆိုးဇာတ်လမ်းတွဲကို ပရိသတ်ကြိုက်မယ်လို့ ထင်လား။

ဖြေ – ဒီဇာတ်လေးကို ပရိသတ်အရမ်းကြိုက်မယ်လို့ ဗိုလ်ကတော့ ထင်တယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် မိသားစုမှာတောင် တစ်ဦးနဲ့ တစ်ဦး စိတ်ထားခြင်း၊ ခံယူချက်ခြင်း ပုံစံချင်းကွဲပြားကြတယ်။ ကောင်းတဲ့ သူရှိသလို ဆိုးတဲ့သူလည်း ရှိတယ်။ ဆိုးတဲ့သူကလည်း ကိုယ့်မိဘအပေါ်မှာ ဘယ်လိုဆိုးလို့ရှိရင် သူရဲ့ ဆိုးဒဏ်တွေက ဘာတွေဖြစ် မလဲ။ ကောင်းတဲ့သူက ဘာတွေရှိမလဲဆိုတာကို ပညာပေး ပုံစံလေး ပုံဖော်ထားတာဖြစ်လို့ ဇာတ်လမ်းလေးကတော့ တအားကောင်းပါတယ်။

မေး – အခုနောက်ပိုင်း တော်တော်လေးလှလာတယ်လို့ ပရိသတ်တွေကလည်း ပြောနေကြတဲ့အပေါ် ဘာများ ပြောချင်သေးလဲ။

ဖြေ – အရင်ထက်စာရင် Skincare ပိုင်း၊ ဖက်ရှင် ပိုင်းကို တော်တော်လေး လေ့လာဖြစ်တယ်။ နောက်ပိုင်းတော့ တော်တော်လေး စိတ် ဝင်စားလာတယ်။ လေ့လာဖြစ်တော့ အရင်ထက်စာရင် ပြောင်းလဲလာ တယ်။ ပုံစံလေးတွေ၊ ဖက်ရှင်လေး တွေ၊ အသားအရည်လေးတွေ ပြောင်း လာတော့ လူတွေကလည်း ထူးထူး ဆန်းဆန်းလိုဖြစ်သွားတာပေါ့။ တကယ်တမ်း တော့ အဲဒီလောက်ကြီး ထူးထူးဆန်းဆန်း တော့ မဟုတ်ပါဘူး။ မိန်းကလေးတွေက အရွယ်ပိုရောက်လာလေ၊ ပိုလှလာလေ၊ ဝတ် တတ်၊ စားတတ်ပြီး ပြင်တတ်သွားတာပေါ့။ အခုက လည်း ဆိုရှယ်မီဒီယာခေတ်ဆိုတော့ အားလုံးက ပွင့်ပွင့် လင်းလင်းရှိကြတော့ သိပ်ပြီးတော့ ထွေထွေထူးထူး လေ့လာနေ စရာလည်း မလိုဘူး။ အရမ်းကြီး ရှက်ကြောက်ပြီး မရှိကြ တော့ဘူး။

မေး – အားပေးနေတဲ့ ပရိသတ်တွေကို ဘာများပြောချင်သေး လဲ။

ဖြေ – ဒီဇာတ်လမ်းတွဲထွက်လာရင် အားပေးဖို့ ပြောချင် ပါတယ်။ နှစ်သစ်မှာ ပရိသတ်အားလုံး ကျန်းမာ၊ ချမ်းသာခြင်း တွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးချင်ပါတယ်။