လက်ရွေးစင် ညာနောက်ခံလူ ကျော်ဇင်လွင်အား ရှမ်းယူနိုက်တက်အသင်းခေါ်ယူ

ဧရာဝတီယူနိုက်တက်အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် မြန်မာ့လက်ရွေးစင် ညာနောက်ခံလူ ကျော်ဇင်လွင်အား ရှမ်းယူနိုက်တက်အသင်းက ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းထံမှ သိရသည်။

၂၀၁၉ နှင့် ၂၀၂၀ ဘောလုံးရာသီတို့တွင် ပြည်တွင်းအမှတ်ပေးချန်ပီယံဖြစ်ခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် အခြားလက်ရွေးစင်ကစားသမားများဖြစ်သည့် သီဟဇော်၊ စိုးလွင်လွင်တို့ကို ခေါ်ယူခဲ့ပြီးနောက် ကျော်ဇင်လွင်ကိုပါ ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။

“ဧရာဝတီကနေ ထွက်လာပြီဆိုတော့ အသင်းကြီးတွေချည်းပဲ ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် ရှမ်းအသင်းက ကမ်းလှမ်းတဲ့ပုံစံလေးကို ကြိုက်တယ်။ ဒီအသင်းရဲ့ လူကြီးတွေက (အသင်း စီအီးအို ဦးရဲမျိုးထွန်း) အရမ်းနွေးထွေးတယ်။ ကျွန်တော့်ကို တန်ဖိုးထားပြီး သေချာစကားပြောတယ်။ နောက်တစ်ချက်က နည်းပြချုပ် ဆရာဟန်ဝင်းအောင်။ သူ ပြောတဲ့ ကစားကွက်ကို ကျွန်တော် ကြိုက်တယ်။ ကျွန်တော် လိုက်ကစားနိုင်မယ့် ကစားကွက်မျိုး။ အဲဒါတွေကြောင့် ရှမ်းအသင်းကို ကျွန်တော် ရွေးခဲ့တာပါ” ဟု ကျော်ဇင်လွင် က ပြောကြားခဲ့သည်။

ကျော်ဇင်လွင်သည် ၂၀၁၀ ခုနှစ်တွင် မကွေးလူငယ်အသင်းသို့ ပညာသင် ကစားသမားအဖြစ် ဝင်ရောက်လာခဲ့သူဖြစ်ပြီး ၂၀၁၅ စင်ကာပူ ဆီးဂိမ်းစ် ပြိုင်ပွဲဝင် ငွေတံဆိပ်ဆုရ အသက် ၂၃ နှစ်အောက် မြန်မာ့လက်ရွေးစင် အသင်းသားတစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။

ထို့နောက် ၂၀၁၈ ဘောလုံးရာသီအကုန်အထိ မိခင် မကွေးအသင်းတွင် ကစားခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းကြီး၌ ညာနောက်ခံလူအဖြစ်ရော ဘယ်နောက်ခံလူအဖြစ်ပါ ပါဝင်ကစားနေသည်။

အေအက်ဖ်စီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရန်ရှိသည့် ရှမ်းယူနိုက်တက်အသင်းသည်လည်း မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ ကျော်ဇင်လွင်အပါအဝင် ကစားသမား ၆ ဦးတိတိ ခေါ်ယူအားဖြည့်ထားပြီး ဖြစ်သည်။

သတင်း – စွမ်းရည်တိုး
ဓာတ်ပုံ – SUFC