နေပြည်တော်၌ အများပြည်သူသွားလာခွင့် ယာယီပိတ်ထားသောနေရာများ ပြန်လည်ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ခရစ္စမတ်နှင့် နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက် ကာလများတွင် အများပြည်သူများ သွားလာလည်ပတ်မှု ယာယီပိတ်ထားသော အပန်းဖြေနေရာ (၇ )ခုကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

နေပြည်တော်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ များပြားလာမှုကြောင့် လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း COVID-19 ရောဂါပိုး ဒေသတွင်းကူးစက်မှု မဖြစ်ပွားစေရေးနှင့် ထိရောက်စွာ ကာကွယ် ဟန့်တားနိုင်ရန်အတွက် အများပြည်သူများက လည်ပတ်၍ လူစုလူဝေး ဖြစ်ပေါ်နိုင်ဖွယ်ရှိသော ပေါင်းလောင်းချောင်း အပန်းဖြေစခန်း၊ ပုဇွန်ဆိတ်ရေတံခွန်၊ ဖလောင်းရေတံခွန်၊ အဝေရာဆည် အပန်းဖြေနေရာ ၊ မြသီတာရေတံခွန်၊ ကိုးတစ်ရေပူစမ်းနှင့် မင်္ဂလာကန်တော် (ဇမ္ဗူသီရိမြို့နယ်) စသည့် နေရာများသို့ အများပြည်သူများ သွားလာလည်ပတ်မှုအား နေပြည်တော်ကောင်စီမှ (ဒီဇင်ဘာ ၂၄ ရက်) တွင် ပန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ခရစ္စမတ်နှင့် နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလများ ပြီးဆုံးလွန်မြောက်ပြီးဖြစ်၍ ယာယီပိတ်ထားသော အဆိုပါနေရာများသို့ အများပြည်သူများ သွားလာလည်ပတ် အပန်းဖြေခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၁၃၄ဦး သေဆုံးသူ ၇ ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ ၆၆၅ ဦးရှိကြောင်း သိရသည်။

သတင်း-သီတာလွင်

ဓာတ်ပုံ- နေပြည်တော်ဟိုတယ်ဇုံ