၂၇၆၀ ပြည့်နှစ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အား ရန်ကုန်မြို့ရှိ အာလိန်ငါးဆင့်ဘုရားဝင်း၌ အကျဉ်းချုံးပြုလုပ်

၂၇၆၀ ပြည့်နှစ်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ဂဘာအာလိန်ငါးဆင့်ဘုရားဝင်းအတွင်း၌ ယနေ့(ဇန်နဝါရီ ၁၃ရက်)နံနက်ပိုင်းက ကရင်တိုင်းရင်းသားအနည်းငယ်ဖြင့် အကျဉ်းချုံး၍ ကျင်းပခဲ့သည်။

“ပုံမှန်အတိုင်းမြို့နယ်အဆင့်ဆင့်ကိုခွင့်ပြုမိန့်တင်ရပါတယ်။ကိုဗစ်ကာလဆိုတော့ ကျန်းမာရေးအရကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလိုက်နာပြီးလုပ်တာပါ။အလံတင်အခမ်းအနားရယ် ဟောပြောပွဲရယ်ပဲလုပ်ပါတယ်”ဟု ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) ဥက္ကဋ္ဌ ပါမောက္ခ ဖဒိုမန်းရွှေပြည်အေးကဆိုသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ယခင်နှစ်များတွင် ပြိုင်ပွဲများ၊ ကရင်ရိုးရာအကများ၊ ပွဲလမ်းသဘင်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသော်လည်းယခုနှစ်တွင်မူ Covid 19 ရောဂါအခြေအနေကြောင့်အကျဉ်းချုံး၍ပြုလုပ်ကြခြင်းဖြစ်သည်။

Photo – Ye Myo Khant / MPA