ဒေါ်နယ်ထရန့်ကို သမ္မတရာထူးမှဖယ်ရှားမယ့်အစီအစဉ် ဒုသမ္မတ မိုက်ပန့်စ် ငြင်းဆို

အမေရိကန်အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ကို အသုံးချပြီး သမ္မတဒေါ်နယ်ထရန့်ကို ရာထူးကနေဖယ်ရှားမယ့် အစီအစဉ်ကို ဒုတိယသမ္မတ မိုက်ပန့်စ် က ငြင်းပယ်လိုက်ပါတယ်။

မယ်ရီလန်းပြည်နယ်ကိုယ်စားပြု ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျေမီရက်စ်ကင် က ဒုတိယသမ္မတ မိုက်ပန့်စ် အနေနဲ့ ဥပဒေပြင်ဆင်ချက် ၂၅ ရဲ့ အပိုဒ်ခွဲ ၄ ပါ စည်းမျဉ်းကို အသုံးပြုပြီး သမ္မတ ဒေါ်နယ်ထရန့်ကို ဖယ်ရှားပေးဖို့ ယမန်နေ့က အောက်လွှတ်တော်မှာ တရားဝင်အဆိုတင်သွင်းလိုက်ပါတယ်။

ဒါပေမယ့် အဆိုတင်သွင်းပြီးနောက် နာရီအနည်းငယ်အကြာမှာတင် ဒုတိယသမ္မတ မိုက်ပန့်စ် က အောက်လွှတ်တော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နန်စီပီလိုဆီ ထံ အိတ်ဖွင့်ပေးစာတစ်စောင်ရေးသားပေးပို့ပြီး အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ကို သူနဲ့အတူ အစိုးရအဖွဲ့ဝင်တွေက အသုံးပြုမှာမဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

အမေရိကန်အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ရဲ့ အပိုဒ်ခွဲ ၄ ပါစည်းမျဉ်းအရ သမ္မတစ်ဦးဟာ ရာထူးကို ဆက်လက်ထမ်းဆောင်နိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ ဒုတိယသမ္မတနဲ့အတူ အစိုးရအဖွဲ့က မှတ်ယူပါက ဒုတိယသမ္မတတစ်ဦးအနေနဲ့ ယာယီသမ္မတ အဖြစ် တာဝန်ပြောင်းယူခွင့်ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိတ်ဖွင့်ပေးစာမှာ မိုက်ပန့်စ် က “သမ္မတသက်တမ်း ရှစ်ရက်ပဲလိုတော့တဲ့အချိန်မှာ အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ကို အသုံးပြုဖို့ မစ္စနန်စီနဲ့အတူ ဒီမိုကရက်တစ်အုပ်စုတွေက ကျွန်တော့်ကို တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဆုံး အကျိုးရလဒ်ဖြစ်မယ်လို့ မယုံကြည်သလို ကျွန်တော်တို့ရဲ့အခြေခံဥပဒေနဲ့ ကိုက်ညီတယ်လို့လည်း မယူဆပါဘူး” လို့ ရေးသားထားပါတယ်။

မိုက်ပန့်စ် က အခုလိုငြင်းဆိုလိုက်တာကြောင့် ဒီမိုကရက်တွေဟာ သမ္မတဒေါ်နယ်ထရန့်ကို လွှတ်တော်ကတစ်ဆင့် စွဲချက်တင်ပြီး အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းကနေ အပြီးတိုင် ဖယ်ရှားဖို့အထိ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား – CNN
သတင်း – မောင်ဇေယျ
ဓာတ်ပုံ – East Oregonian