ဘရာဇီးနိုင်ငံ ရလဒ်အရ တရုတ်ကိုဗစ်ကာကွယ်ဆေး ဆိုင်နိုဗက်အကျိုးသက်ရောက်မှု ၅၀ ရာခိုင်နှုန်းကျော်သာရှိ

ဘရာဇီးနိုင်ငံမှာ စမ်းသပ်စစ်ဆေးမှုရလဒ်တွေအရ တရုတ်ကုမ္ပဏီ ဆိုင်နိုဗက်မှ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးဟာ ရောဂါကာကွယ်နိုင်မှု ၅၀ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိတယ်လို့ လေ့လာမှုစစ်တမ်းများအရ သိရပါတယ်။

ဘရာဇီးနိုင်ငံမှာ COVID-19 ကာကွယ်ဆေးရလဒ်ကို သုတေသနပြုနေတဲ့ Butantan Institute ရဲ့ အရင်တစ်ပတ်က ထုတ်ပြန်ချက်မှာ ဆိုင်နိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေးဟာ ၇၈ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီထုတ်ပြန်ချက်မှာ ကာကွယ်ဆေးထိုးပြီးနောက် အပျော့စားရောဂါလက္ခဏာ ခံစားခဲ့ရသူတွေကို ထည့်သွင်း တွက်ချက်ခြင်းမရှိခဲ့ကြောင်းနဲ့ အခုအားလုံးထည့်သွင်းတွက်ချက်လိုက်ရင် ဆိုင်နိုဗက်ရဲ့ COVID-19 ကာကွယ်ဆေးဟာ အကျိုးသက်ရောက်မှု ၅၀ ဒသမ ၄ ရာခိုင်နှုန်းပဲရှိကြောင်း Butantan Institute က ယမန်နေ့မှာ ထပ်မံထုတ်ပြန်ပါတယ်။

ဆိုင်နိုဗက်ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို ဘရာဇီးနဲ့အတူ အင်ဒိုနီးရှား၊ တူရကီ၊ စင်္ကာပူနဲ့ တခြားနိုင်ငံအများပြားက မှာယူထားကြပြီး စမ်းသပ်စစ်ဆေးမှုရလဒ်တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ကွာခြားနေတာကိုလည်း တွေ့ရပါတယ်။

အရင်လက တူရကီသုတေသီတွေရဲ့ထုတ်ပြန်ချက်မှာ ဆိုင်နိုဗက်ရဲ့ ကာကွယ်ဆေးဟာ ၉၁ ဒသမ ၂၅ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိတယ်လို့ဆိုပြီး အင်ဒိုနီးရှားသုတေသီတွေကတော့ ၆၅ ဒသမ ၃ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောထားပါတယ်။

ကိုးကား – BBC
သတင်း – မောင်ဇေယျ
ဓာတ်ပုံ – Daily Sabah