ဦးကျော်သူကိုယ်တိုင်မောင်းနှင်လာသည့် နာရေးကူညီမှုအသင်းယာဉ် တိုက်ခံရ၊ ထိုနေရာတွင် ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွား

နာရေးကူညီမှုလမ်းကြောင်း ရေဝေးသို့အသွား လမ်းနေရာတစ်ခုတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင်မောင်းနှင်လာသည့်ယာဉ်သည် ငါးစီးဆင့်တိုက်ခံခဲ့ရကြောင်း ဦးကျော်သူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

” ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုသာန်သို့ အသွားလမ်းတစ်နေရာရှိ ဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍ ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက်လိုက်၍ မိမိမှရှောင်လိုက်သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက်ကို မိမိမှတစ်ဆင့်တိုက်မိတော့သည်” ဟု ၎င်းက ရေးသားထားသည်။

ထိုသို့ ကားငါးစီးဆင့်တိုက်ခံရသော်လည်း ဦးကျော်သူသည် တစ်စုံတစ်ရာထိခိုက်မှု ဖြစ်ပွားခဲ့ခြင်းမရှိဘဲ တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း) ခဲ့ကြောင်း သိရသည်။

တိုက်ခံရသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နိဗ္ဗာန်ယာဉ်ပေါ် ပါလာသည့် ဘဝကူးသွားသောရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ်တစ်စီးအား ခေါ်ယူကာ ဘော်ဒီအားပြောင်းရွှေ့ခဲ့ကြောင်း၊ ထို့နောက် ရေဝေးသုသာန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုကို တာဝန်မပျက်၊ တာဝန်ကျေစွာ လုပ်ဆောင်ပေးခဲ့ကြောင်း ရေးသားထားသည်။

ထိုသို့ ကားမတော်တဆဖြစ်ပြီးနောက် အသင်း၏ သုခဆေးခန်းမှတာဝန်ရှိသူများက ဦးကျော်သူအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး မူလအတိုင်းကျန်းမာစွာရှိနေကြောင်း ၎င်းက ရေးသားထားသည်။

သတင်း – ထက်ဇော်
ဓာတ်ပုံ – ဦးကျော်သူ (FB)