“အရေးလုပ်ဖို့ ငါမမြင်သလေ”

◾ ရေးသူ – ညိုထွန်းလူ

ကျွန်တော့်မှာ ကိုဗစ်မဖြစ်ခင်ကတည်းက ရွှေတစ်မှုန် တစ်စမျှ ဝယ်နိုင်သည့် အင်အားမရှိခဲ့၍ ရွှေဈေးအတက်အကျ သတင်းကို စိတ်မဝင်စားမိပေ။ ရွှေဆိုတာက မရှိဝမ်းစာ ရှိ တန်ဆာဆိုသည့်အတိုင်း ကိုယ့်ရှိခဲ့ဖူးသည့် ရွှေတိုရွှေစကလေး တွေခမျာလည်း ဝမ်းစာထဲသို့ ပါသွားတာ ကြာသွားခဲ့လေပြီ။ သို့ရာတွင် စိတ်အနှောင့်အယှက်တော့မဖြစ်ခဲ့။ ကျွန်တော်တို့ အတွက် အရေးကြီးဆုံးက ကျန်းမာရေးပဲ မဟုတ်ပါလား။ ထို့ကြောင့် ကိုယ်တစ်ယောက်တည်းသာမဟုတ်၊ တစ်နိုင်ငံလုံး ကျန်းမာနေကြလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု တွေး လိုက်သည်။

ကျွန်တော်တို့နိုင်ငံနှင့် ပြည်သူလူထုအတွက် ကိုဗစ် အန္တရာယ်ကို ကာကွယ်ဖို့ထက် အရေးကြီးတာ ဘာမျှမရှိပေ။ အကယ်၍ မပြောကောင်းမဆိုကောင်း သည်အန္တရာယ်ကို မကာကွယ်နိုင်ဘဲ ကိုဗစ်ဝါးမျိုမှုကိုခံလိုက်ရလျှင် တစ်တိုင်းပြည် လုံး ယခုအဆင်းရဲဆုံးအဆင့်မှ နှစ်ဆကိန်းတိုးကာ ရုန်းမထွက် နိုင်တော့သည့်နွံထဲသို့ ရောက်သွားနိုင်၏။ ခက်တာက နိုင်ငံ နှင့် ပြည်သူလူထု၏အရေးကိစ္စထက် ကိုယ့်အရေးကိစ္စလောက် ကိုသာ တွေးနေကြသူတွေလည်း ရှိနေဆဲ။ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့ သည်ဟုဆိုကာ ယင်းရွေးကောက်ပွဲရလဒ်ဖြင့် အစိုးရဖွဲ့မည်ကို လက်မခံကြောင်း။ အဆိုပါကိစ္စများကို ဖြေရှင်းမပေးသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဝန်းရံထောက်ခံ သူများက နေပြည်တော်တွင် ဆန္ဒပြကြလေ၏။ ဆန္ဒပြသူအရေ အတွက်က နှစ်ရာကျော်ခန့်ရှိသည်ဟု သိရ၏။

“အမှန်တော့ နိုင်ငံရေးဆိုတာကလည်း တစ်ဖက်နှင့်တစ်ဖက် ခွပ်နေကြတာ မဟုတ်ပါလား။ ခွပ်လိုက်ကြစို့ သူငယ်ချင်းဖြစ်ကြလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ ယင်းသမို့ကြောင့် ဗွေးတုတ်သီချင်းကို ဒေါသတကြီးဖြင့် အော်ဟစ်နေသည့် ဆန္ဒထုတ်ဖော်ပွဲများနှင့် သတင်းစာရှင်းလင်းပွဲများအနီးမှာ သွားရောက်ဖွင့်ရကောင်းမလားဟု တွေးလိုက်၏။ နိုင်ငံရေးမှာ မည်သည့်ရလဒ်မဆို အပြုံးဖြင့် ခံယူပြီး ရင့်ကျက်စေလိုသည့် စေတနာကြောင့် ဗွေးတုတ်သီချင်းကလေး ဖွင့်ပြလိုခြင်း ဖြစ်ပါ၏။”

ဆန္ဒပြသူတွေကိုင်ဆောင်ထားသည့် ဗီနိုင်းဆိုင်းဘုတ် တွေမှာလည်း မဲခိုးမှု UEC လုပ်ရပ်များ ဖော်ထုတ်အရေးယူနိုင် ရေး အမြန်ဆုံးဆောင်ရွက်ပေး၊ အမျိုးဘာသာသာသနာကို ဖျက်ဆီးသူ ငါတို့အားလုံးရဲ့ ရန်သူ၊ မျိုးချစ်ရဲတပ်ဖွဲ့ဝင်များ ရဟန်းရှင်လူ ပြည်သူများကို စောင့်ရှောက်ကာကွယ်ပေးကြပါ။ ဘာသာသာသနာကို စောင့်ရှောက်မြှင့်တင်ရေး ဒို့အရေး ဒို့အရေး၊ မဲခိုးပြီး အစိုးရဖွဲ့မည့်အကြံ ဒို့လက်မခံ။ ကျွန်တော် သည် ဖေ့စ်ဘွတ်ခ်မှာ ၎င်းဆန္ဒပြပွဲ၏ ဗီနိုင်းဆိုင်းဘုတ်တွေထဲက အမျိုးစုံအောင်ရေးသားထားသည့် စာတွေကိုဖတ်၍သကာလ အလို ဘယ့်နှာကြီးပါလိမ့်ဟုမြည်တမ်းရင်း ခေါင်းမူး၍ သွားရ ချေ၏။ တစ်ဖန် စင်ပေါ်က အော်လံကိုင်ပြီး အော်ပြောသူနှင့် စင်အောက်လူအချို့၏ အတိုင်အဖောက်မညီတာကို တွေ့ရပြန် တော့ အလိုလိုပြုံးမိပြန်လေ၏။

ထို့ပြင် တစ်ဝ ကိုဗစ်အန္တရာယ်ကို မတွေးကြသည့် လူတစ်စုကိုကြည့်ရင်း ထိတ်လန့်သွားရပြန်၏။ ကိုဗစ်သည် အမျိုးဘာသာတွေ ဘယ်သူကြီး၊ ဘယ်ဝါကြီးတွေပဲဖြစ်ဖြစ် လားလားမျှ ဂရုစိုက်နေမှာ မဟုတ်ချေ။ ဖြစ်လာနိုင်သည့် အန္တရာယ်ကို ဂရုမစိုက်၍ခံရလျှင်လည်း သူတို့ထိုက်နှင့် သူတို့ကံဖြစ်သော်လည်း တခြားသူတွေကိုပါ မဆီမဆိုင်ဘဲ ထိခိုက်မှာကိုတော့ ကျွန်တော်စိုးရိမ်သည်။

ရွေးကောက်ပွဲကျင်းပပြီးစီးတာဖြင့် နှစ်လကျော်ကြာ သွားပြီ။ လာမည့် ဖေဖော်ဝါရီ ၁ ရက်မှာ လွှတ်တော်အသစ် စတော့မည်။ သို့ရာတွင် ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးလေသည့် ပြည်ခိုင်ဖြိုးပါတီကတော့ ဒီကိစ္စကို မပြီးနိုင်သေး။ ရှုံးချက်ကယ်နာရခြင်းသည် UEC ကြောင့်ဟု စွပ်စွဲလေ၏။အရှုံးကို လက်မခံနိုင်။ ဒီအတောအတွင်း လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် သမ္မတဦးဝင်းမြင့်ပါ လေးဦးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းပါ ၁၅ ဦးတို့ကို အမှုခေါ် စာချွန်တော်အမိန့်နှင့် အာဏာပိုင်မေးစာချွန်တော် အမိန့် ထုတ်ဆင့်ပေးရန် လျှောက်လွှာအပေါ် ကနဦးလက်ခံရန် သင့်၊ မသင့်ကြားနာမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ် တော်ချုပ်က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထား၍ အံ့ဩသွား ရ၏။ အမှုအမျိုးအစားအရ တရားမအထွေထွေလျှောက်ထား မှု (စာချွန်လွှာ)ဖြစ်ပြီး နိုင်ငံတော်သမ္မတအပါအဝင် လေးဦးကို ရှေ့နေဦးဇော်ဝိတ်က လျှောက်ထားပြီး ရွေး/ကော်ဥက္ကဋ္ဌ ဦးလှသိန်းပါ ၁၅ ဦးကို ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားနိုင်ငံရေး မဟာမိတ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင် (ယခင် စစ်ဥပဒေချုပ်-ငြိမ်း)တို့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။

စုစုပေါင်းအမှုခြောက်ခုကို Video Conferencing စနစ်ဖြင့် ကြားနာစစ်ဆေးမည်ဟု သိရ၏။ အာဏာပိုင်မေး စာချွန်တော် အမိန့်စစ်ဆေးပေးရန် တိုင်ကြားလျှောက် ထားသည့် အမှု၌ နိုင်ငံတော်သမ္မတအပါအဝင်လေးဦးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ခုံရုံးဥက္ကဋ္ဌတို့ ပါဝင်သည်။ သည် တော့ ဘာဖြစ်လာနိုင်သလဲ။ ဥပဒေသမားမဟုတ်၍ကျွန်တော် လည်း မသိ။

NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က”ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဆိုတဲ့အတိုင်း ဘယ်သူပင် ဖြစ်စေ ဥပဒေအရ အကျုံးဝင်ရင် ဆင့်ခေါ်ရင် ခေါ်လို့ရတယ် ဆိုတာ ပြသလိုက်တာဖြစ်တယ်}}ဆိုသည့် မှတ်ချက်စကားသည် မျက်တောင်မွေးတစ်ဆုံးလောက်သာ ကြည့်ကြသူတွေကို သတိ ပေးလိုက်ခြင်းပေလားဟူ၍သာ တွေးလိုက်မိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး၏ “နိုင်ငံတော်သမ္မတကြီးရော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တာ ဖြစ်တယ်။ ဥပဒေနဲ့မညီညွတ်တာ ဘာတစ်ခုမျှလုပ်ခဲ့တာ မရှိဘူး။ ပြည်သူတွေကိုလည်း အထင်အရှား မီဒီယာကနေ တစ်ဆင့် ဒီနေရာကနေ ရှင်းရှင်းလင်းလင်း အသိပေးလိုပါ တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲမှာ ရှုံးတယ်။ ရွေးကောက်ပွဲရှုံးတဲ့ဟာကို လက်မခံနိုင်ဘူး။ မခံယူနိုင်တဲ့ဟာ တွေက ဒီလိုမျိုး အမျိုးမျိုးဝေဖန်ပြောကြားနေတာတွေ၊ ဒါလည်း ပြည်သူတွေ သိတယ်။ တကယ်တမ်း ရွေးကောက်ပွဲနဲ့ပတ်သက် လို့ တကယ်တမ်းမဲပေးခဲ့တဲ့ ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ ဘယ်သူ့ကို မဲပေးခဲ့တယ်၊ ဘယ်ပါတီကိုယ်စားလှယ်ကို မဲပေး ခဲ့တယ် သူတို့သိတယ်။ အခုမှ မဟုတ်ဘူး။ ပြန်ကြည့်လိုက် ၁၉၉၀ ရွေးကောက်ပွဲ။ ၂၀၁၅ ရွေးကောက်ပွဲ။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ။ ဒီအတိုင်းပဲ အပြတ်အသတ်နိုင်တာ။ လူထုရဲ့ သဘောထား၊ လူထုရဲ့ ထောက်ခံမှုက ဒီအတိုင်းပဲ ရှိနေတာ။ ဒါကိုကြည့်ရင် ရှင်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပြောချင် တာက မဟုတ်မမှန် ဝေဖန်ပြောကြားနေတာတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေအနေနဲ့ပြောရရင် ကိုယ့်နိုင်ငံရေး ကို ကိုယ်ပြန်သတ်တာပေါ့။ ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တဲ့ Political Suicide ပေါ့နော်။ နိုင်ငံရေးကြိုးဆွဲချတာဖြစ်လိမ့် မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဆိုသည့်စကားကို သဘောကျလွန်း၍ ကျွန်တော်က ဘရာဗို လုပ်လိုက်မိသည်။

သူပြောသည့်စကားတွေက တကယ်လည်း မှန်ကန် နေသည်ကိုး။ တစ်ခါတစ်ရံတော့ ပြောလိုက်သည့် စကားတွေ က မှန်လွန်းပြန်တော့လည်း အရှိုက်ထိုးနှက်ခံလိုက်ရသည့် အလား။ ရွေးကောက်ပွဲရလဒ်ကို လက်မခံကြသူအားလုံး၏ သရုပ်သကန်သည် မှောက်ထားသည့်ခွက်ကို လှန်လိုက်ဘိ သကဲ့သို့၊ ဝတ်ထားသည့်အဝတ်ကို ချွတ်လိုက်ဘိသကဲ့သို့ ထင်ထင်ရှားရှား ပေါ်လွင်ကုန်တော့သည်။ လွှတ်တော်သစ် မကျင်းပမီ ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပရန် တပ်မတော်က တောင်းဆိုထား၏။

သို့ရာတွင် ဦးဇော်ဌေးက အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နယ်မြေများကို ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံ လုံခြုံ ရေးအာမခံချက်များ တောင်းထားသော်လည်း ပြန်လည် အကြောင်းကြားလာမှုမရှိသေးဟု ပြောကြားလိုက်လေ၏။ သဘောက နယ်မြေအေးချမ်းမှုမရှိသေး၍ ရွေးကောက်ပွဲ မကျင်းပပေးနိုင်သေးကြောင်းပင် ဖြစ်ပါ၏။ ဦးဇော်ဌေး ပြောတာကို ကျွန်တော်ထောက်ခံသည်။ ရွေးကောက်ပွဲ ကျင်းပ ဖို့ဆိုတာ ကလေးတွေ ကစားသလို မဟုတ်ပေ။ အချိန်ယူရ သည်။ အချက်အလက်ပေါင်းစုံကို ထောင့်စေ့အောင်ကြည့်ရှုပြီးမှ ဆုံးဖြတ်ရတာဖြစ်၍ မလွယ်ပါဟု ပြောချင်ပါဘိသည်။

ထိုအတောအတွင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စေနိုင်သည့် စာရင်းများနှင့်ပတ်သက်၍ ၁၂ ကြိမ်အထိ ထုတ်ပြန်ထားပြီး စုစုပေါင်းမြို့နယ် ၁၆၆ မြို့နယ်ရှိသွားပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့် မြို့နယ်ပေါင်း၂၁၈ မြို့နယ်ကို စိစစ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရ၏။ ရွေးကောက်ပွဲ ပြီးသွားပြီးမှ ဘာကြောင့် စာရင်းတွေ ထုတ်ပြန်နေသလဲ။ ထိုစာရင်းတွေကို မှားသည်၊ မှန်သည်ဟု ကျွန်တော်မပြောလိုပါ။ ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတမှုမရှိ၊ မရိုးသားမှု မရှိတာတွေကိုပဲ ဆန်းစစ်တော့မည်။ လက်သန်းကလေးကို မင်အစွန်းခံ၍ မဲပေခဲ့ကြသည့် ပြည်သူလူထုနှင့် တပ်မတော် သားတွေ ဦးရေကိုသာ တွက်ကြည့်လိုက်ရုံဖြင့် အဖြေပေါ် လာပါလိမ့်မည်။ အကယ်၍ ရွေးကောက်ပွဲကော်မရှင်က ညစ်ခဲ့လျှင်လည်း ပြည်သူလူထုက ငြိမ်နေမှာမဟုတ်။ ထို့အတူ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြသူများကလည်း ရွေးကောက်ပွဲကော်မရှင်က တရားမျှတမှု မရှိတာကိုတွေ့လျှင် ပွင့်ပွင့်လင်းလင်း ပြောကြပေလိမ့်မည်။

ဇန်နဝါရီ ၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လွှတ်တော်ခေါ်ယူရေးနှင့် အစိုးရဖွဲ့စည်းရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသွား၏။ “အဲဒီတော့ အသိအမှတ်ပြုသည်ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆဲအခြေခံဥပဒေအရ လွှတ်တော်ခေါ်မယ်။ ရွေးချယ်ပွဲ တွေလုပ်သွားမယ်။ လွှတ်တော်ဥပဒေ နည်းဥပဒေအရပေါ့ နော်။ သဘာပတိတင်မြှောက်မယ်။ လွှတ်တော်ဥက္ကဋ္ဌတွေ ရွေးမယ်။ သမ္မတရွေးချယ်ရေးကို စလုပ်ရမှာ အဲဒါတွေပဲ။ အဲဒါ ပြီးရင် ကက်ဘိနက်ဆက်ဖွဲ့မယ်။ ဒါက ဖွဲ့စည်းပုံအခြေခံအရ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ ရှိတယ်။ ဒီအတိုင်းလုပ်သွားမယ်။ ဒါနဲ့ပတ်သက်လို့ ဘာတစ်ခုမှ အခက်အခဲမရှိဘူး။ အခက်အခဲ ရှိစေချင်တယ်ဆိုရင်တော့ ပြောရရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာမလား၊ မလိုက်နာဘူးလား ဒီမေးခွန်းပဲရှိတယ်”ဟု ခပ်ရှင်းရှင်းပြောသွား၏။

ထို့ပြင်”တချို့ပါတီကအဖွဲ့တွေ ပြောတယ်။ အသိအမှတ်မပြုဘူး။အသိအမှတ်မပြုတော့လည်း အသိအမှတ်မပြုနဲ့ပေါ့။ ပြည် သူလူထုက အသိအမှတ်ပြုလို့ မဲပေးထားတာပဲ”ဟုလည်း ပြောလိုက်ပြန်သေး၏။

မှန်ပါသည်။ ပြည်သူလူထုက အသိအမှတ်ပြုဖို့ပဲ အရေးကြီးသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁ ရက်မှာ လွှတ် တော်အသစ်ခေါ်ယူပြီး အစိုးရဖွဲ့စည်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားကြတော့မည်ဟု တွေးလိုက်မိသည်။ သည်မှ ပင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်း အဝေး ခေါ်ယူကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံ တစ်ပုံကျော်က တောင်းဆိုကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည့်သတင်း ကို တွေ့လိုက်ရ၍ အံ့ဩရပြန်လေ၏။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထု ရွေးချယ်ပေး လိုက်သည့် NLD က တောင်ပြိုကမ်းပြိုနိုင်သွားခဲ့သော်လည်း ရှေ့ကိုဆက်ဖို့အတွက် ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်ပါ့မလားဟု စိတ်ပူသွားခဲ့ရသည်။ ဒါကြောင့်လည်း ဆင်ပြောင်ကြီး အမြီး ရောက်မှ တစ်တာမျိုး အဖြစ်မခံနိုင်ဘဲ လိုအပ်လျှင် ကျုပ်တို့ အားလုံး အစိုးရကို ထောက်ခံတယ်ဗျဟု ဆန္ဒသဘောထား တွေကြုံလာနိုင်သည်။ တကယ့်အရေးကိစ္စတွင် ပြည်သူလူထု ကသာ အဆုံးအဖြတ်ပေးပါလိမ့်မည်။

ကျွန်တော် သည် တွေးရင်းဖြင့် ဆရာကြီးရွှေပြည်အေး ၏ဗွေးတုတ်သီချင်းကို အမှတ်မထင် သတိရလိုက်မိသည်။ ကြက်ဖခွပ်တမ်းကစား ကြပုံကို ရေးဖွဲ့စပ်ဆိုထားသည့်သီချင်း သည် မြူးကြွနေပြီး နားထောင်ရတာ အရသာရှိ၏။ ရှုံးသူရော နိုင်သူပါ ပျော်ရွှင် နေကြပုံကိုလည်း မြင်ယောင်သွား၏။

အမှန်တော့ နိုင်ငံရေးဆိုတာကလည်း တစ်ဖက်နှင့် တစ်ဖက်ခွပ်နေကြတာ မဟုတ်ပါလား။ ခွပ်လိုက်ကြစို့ သူငယ် ချင်းဖြစ်ကြလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ ယင်းသမို့ ကြောင့် ဗွေးတုတ်သီချင်းကို ဒေါသတကြီးဖြင့် အော်ဟစ်နေ သည့် ဆန္ဒထုတ်ဖော်ပွဲများနှင့် သတင်းစာရှင်းလင်းပွဲများအနီး မှာ သွားရောက်ဖွင့်ရကောင်းမလားဟု တွေးလိုက်၏။ နိုင်ငံရေး မှာ မည်သည့်ရလဒ်မဆို အပြုံးဖြင့်ခံယူပြီး ရင့်ကျက်စေလို သည့်စေတနာကြောင့် ဗွေးတုတ်သီချင်းကလေး ဖွင့်ပြလိုခြင်း ဖြစ်ပါ၏။

သို့ရာတွင် ကိုယ့်စေတနာကိုမမြင်ဘဲ အမ်မာ မင်းက ရိတိတိနဲ့ လှောင်ပြောင်နေတာလားဟူ၍ အထင်အမြင်လွဲ လျှင်တော့ ခက်ရချည့်။ ပုံမတော်ဝိုင်းအုပ်ကြလျှင် အီစလံဝေ သွားနိုင်သည့်အခြေအနေကို မြင်လိုက်မိပေသမို့ ကိုယ့်စိတ်ကူး ကို ကမန်းကတန်းဖြင့် ရုပ်သိမ်းလိုက်ရလေ၏။မည်သို့ပင်ဖြစ် စေ ဗွေးတုတ်သီချင်း တစ်ပိုင်းတစ်စကို လွှတ်ခနဲ ဆိုလိုက်မိ ချေပြီ။

ငါတို့ကြက်ဖနိုင်နိုင် ရွှေဖလားနှင့် ကြက်သားကိုင်။ ငါ တို့ ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး။ ဟေ့ (ဒူးမတိုက်နဲ့ မခိုက်နှင့်တော်ရေ့ ငါ့မောင်ကြိုက်မှ ငါ့ယောက်မအေ)။ (ဟေ-ဗွေးတုတ်ရေ) အရေးလုပ်ဖို့ ငါမမြင်သလေ ကြောက်ရင်လည်း နောက်ဆုတ်နေ။ ချွေးသုတ်ရင်လေ ကစားနေတုန်း အရှုံးသာပေးလိုက် တော့လေ။

ဟုတ်ကဲ့- ဇောချွေးတွေပျံပြီး အရှုံးကို လက်မခံလျှင် သီချင်းထဲကလို အရေးလုပ်ဖို့ ငါမမြင်သလေဖြစ်ရတော့မည်။

ကိုးကား -သတင်းမီဒီယာများ။