“အောက်ဆီဂျင် ရှူရတော့မှာလား”

◾ ရေးသူ – မောင်ကြာညို

ကိုဗစ်ခေတ်ကြီးမှာ အတွင်းအပြင် လူနာတော်တော် များများ အောက်ဆီဂျင်ရှူနေကြရကြောင်းကြားသိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆေးပညာ ဘာမျှမတတ်ပေမယ့် စူးစမ်း ဆင်ခြင်သတိပြုတတ်တဲ့ လူသာမန်တစ်ယောက်ရဲ့ ကိုယ်တွေ့ အသိတရားလေးတစ်ရပ်ကို မျှဝေပေးချင်ပါတယ်။

ဒီဆောင်းပါးဖတ်သူတော်တော်များများ သိကောင်း သိပြီးသားဖြစ်နိုင်တဲ့ အတိုင်းပါပဲ။ အောက်ဆီဂျင်ဟာ လူတွေရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးပါပါ တယ်။ ကားတစ်စီး မောင်းသွားလာနိုင်ရေးအတွက် ဓာတ်ဆီမရှိမဖြစ် လိုအပ်သလို လူ့ကိုယ်ခန္ဓာလည်ပတ်လှုပ်ရှားသွားလာ ရှင်သန်ရေးအတွက် အောက်ဆီဂျင်ဟာ အခရာကျပါတယ်။ ကိုယ်တွင်းမှာ အောက်ဆီဂျင်နည်းသွားတာနဲ့အမျှ လူ့ကိုယ်ခန္ဓာ အစိတ် အပိုင်းအားလုံးရဲ့ လုပ်ဆောင်မှုအားလုံးဟာ နှေးကွေးလေးလံ ခက်ခဲလာတော့တာပါပဲ။ ဧ၀ရက်တောင်တက်တဲ့ လူတွေ အားလုံးလိုလိုဟာ အောက်ဆီဂျင်ဓာတ်ဘူးတွေယူသွားကြ ရပြီး မကြာခဏရှူပေးကြရတာကိုကြည့်ပါ။ အောက်ဆီဂျင်ပြတ် လို့ ဒုက္ခရောက်ခဲ့ကြတဲ့ တောင်တက်သမား အများကြီးရှိခဲ့ပါ တယ်။ အောက်ဆီဂျင်ဟာ ကိုယ်ခန္ဓာရဲ့မောင်းနှင်အားဖြစ်တာ မို့ မရှိမဖြစ် လိုအပ်တာကြောင့် ဆရာဝန်တွေက လူနာတွေကို အောက်ဆီဂျင် ရှူခိုင်းနေကြတာပါ။ ဆေးရုံ၊ ဆေးခန်းတက်တဲ့ လူနာအားလုံးနီးပါးကို အသည်းအသန်အခြေအနေဆိုက်လာ တဲ့အခါမှာ အောက်ဆီဂျင်ပေးလေ့ရှိကြကြောင်း တွေ့ဖူးကြ မှာပါ။

“စွန်းလွန်းတရားထိုင်အပြီးမှာ ဖြစ်ပေါ်လာတဲ့ ကိုယ်တွေ့မြူးထူးတက်ကြွမှုရဲ့ အကြောင်းရင်းကို မောင်ကြာညို ရှာဖွေကြည့်မိတဲ့အခါမှာ အောက်ဆီဂျင်ကို သွားတွေ့ပါတယ်၊၊ နာရီဝက်၊ ၄၅ မိနစ်လောက် အပြင်းအထန် အသက်ရှူလိုက်လို့ လေထဲမှာ အမြဲရှိတဲ့ အောက်ဆီဂျင်ဓာတ်တွေ
အများကြီး ကိုယ်ထဲဝင်ရောက်သွားတာကြောင့် အဲဒီလိုမျိုး မြူးထူးတက်ကြွတဲ့ ခံစားချက် ထွက်ပေါ်လာတာဖြစ်ကြောင်း မောင်ကြာညို သုံးသပ်မိပါတယ်၊၊”

လူ့ကိုယ်ခန္ဓာထဲက ဆဲလ်(Cell)လို့ခေါ်တဲ့ ကလာပ် စည်းကလေးတွေဟာ တစ်ချိန်လုံး ယိုယွင်းပျက်စီးနေကြတာမို့ အဲဒီအပျက်အစီး အစအနကလေးတွေကို သွေးပြန်ကြောထဲက သွေးက တစ်ကိုယ်လုံးကနေ အဆုတ်ရှိရာသယ်ဆောင်သွားပြီး ဆဲလ်အသစ်ကလေးတွေဖြစ်လာအောင် အဆုတ်က ဆေး ကြော သုတ်သင် မွမ်းမံပေးပါ တယ်။ အဲဒီလို ဆဲလ်အသစ် ကလေးတွေထုတ်လုပ်ရာမှာ အောက်ဆီဂျင်ကိုမရှိမဖြစ်လိုအပ် ပါတယ်။ ဒါကြောင့် အောက်ဆီဂျင်မပြတ်ဖို့၊ မလျော့နည်းဖို့ အရေးကြီးတာပါ။ အဆုတ်က ထုတ်လုပ်ပေးလိုက်တဲ့ ဆဲလ် အသစ်ကလေးတွေကို သွေးလွှတ်ကြောက တစ်ကိုယ်လုံးကို ဖြန့်ပေးပါတယ်။

မောင်ကြာညို ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား အဖြစ်နဲ့ရော နည်းပြဆရာအဖြစ်နဲ့ပါ ရှိခဲ့တုန်းက ဆရာဦးခင် မောင်လတ်နဲ့ ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံရဲ့ တိုက်တွန်းချက်အရ ဘောက်ထော်က စွန်းလွန်းဝိပဿနာ ကျောင်းတိုက်ကို သူတို့နဲ့အတူသွားရောက်ပြီး ကမ္မဋ္ဌာန်းထိုင်ခဲ့ဖူး ပါတယ်။ နောက်ပိုင်းမှာ သူတို့အိမ်မှာလည်း ရစ်ချဒ်ဖိုးအုန်း (မြဇင်)အပါအဝင် အဖော်လေး၊ ငါး၊ ခြောက်ယောက်နဲ့အတူ ဆက်လက်တရားထိုင်ဖြစ်ပါတယ်။ တစ်ခါတော့တရားထိုင်ဖက် ဦးဖသာထော်(မောင်ကြာညိုနဲ့အတူ အင်္ဂလိပ်စာဌာနမှာ နည်းပြဆရာအဖြစ် အမှုထမ်းသူ)က တရားအားထုတ်မှု အကြောင်းတွေကို စကားစပ်မိကြရင်း “ကျွန်တော်တော့ နည်းနည်းပါးပါး နေမကောင်းထိုင်မသာဖြစ်ရင် တရားထိုင် လိုက်တာနဲ့နေကောင်းသွားတာပါပဲ”လို့ပြောပါတယ်။ ဆရာ ဦးခင်မောင်လတ်တို့ဇနီးမောင်နှံက စွန်းလွန်းတရားအားထုတ် နည်းကိုသင်ပြပေးခဲ့တဲ့ သူတို့ရဲ့မိတ်ဆွေ စာရေးဆရာမ စမ်းစမ်း နွဲ့(သာယာဝတီ)ကလည်း ဆောင်းပါးတစ်ပုဒ်ရေးပြီး စွန်းလွန်း တရားအားထုတ်နည်းရဲ့ကောင်းကျိုးတွေကိုဖော်ပြဖူး ပါတယ်။ စွန်းလွန်းဆရာတော်ကြီးဟာ အစဉ်အလာဓမ္မစာပေ တွေကို မတတ်ခဲ့ရှာတော့ သူနားလည်သလိုအာနာပါနကမ္မဋ္ဌာန်း စီးဖြန်းရင်း ပိုထိရောက်အောင် အသက်ပြင်းပြင်းရှူရင်းစွန်း လွန်းတရားအားထုတ်နည်းကို တွေ့ရှိတည်ထောင်သွားခဲ့တာပါ။

အဲဒီနည်းမှာ ပထမ နာရီဝက်၊ ၄၅ မိနစ်လောက် အသက်အပြင်းအထန်ရှူရပါတယ်။ သိပ်ပြင်းထန်လာတဲ့ အခါမှာ လက်တွေကွေးကောက်လာတာမျိုးလည်းဖြစ်တတ်ပါ တယ်။ အသက်ပြင်းပြင်းရှူပြီးတဲ့အခါမှာ ဝေဒနာလိုက်ရပါ တယ်။ ဝေဒနာလိုက်တယ်ဆိုတာ တစ်ကိုယ်လုံးမှာဖြစ်ပျက် နေတဲ့ ညောင်းတာတို့၊ နာတာတို့၊ ထုံတာကျဉ်တာတို့ စတဲ့ ဝေဒနာအမျိုးမျိုးကို သတိပြုရှုမှတ်တာပါ။ ရှုမှတ်နေရင်း ဝေဒနာတွေဟာ ဖြစ်လိုက်၊ ပျက်လိုက်၊ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေကြတာကို သတိပြုမိလာပြီး ကိုယ်ခန္ဓာအတွင်းကအရာအားလုံးရဲ့ဖြစ်ပြီး ပျက်တတ်တဲ့သဘော၊ မမြဲတဲ့သဘော (အနိစ္စ)ကို လက်တွေ့သဘောပေါက်လာပါတယ်။ အဲဒါတွေ ဟာ စွန်းလွန်းတရားအားထုတ်နည်းကို အနည်းအကျဉ်း ဆောင်ရွက်ခဲ့ဖူးတဲ့ မောင်ကြာညိုရဲ့ အတွေ့အကြုံတွေပါ။ အကြာကြီးဆက်လက်အားထုတ်ရင် ဉာဏ်အပြင် ဘယ်အဆင့် အထိရောက်မယ်ဆိုတာကိုတော့ မောင်ကြာညိုဉာဏ်မမီပါ ဘူး။ စွန်းလွန်းနည်းနဲ့တရားထိုင်ပြီးရင် နေလို့၊ ထိုင်လို့ကောင်း သွားတာတော့အမှန်ပါပဲ။ မောင်ကြာညိုဆိုရင် တရားထိုင်ပြီး စမှာ တစ်ကိုယ်လုံးဖက်သစ်ရွက်ကလေးတစ်ခုလို ပေါ့ပါး
မြူးကြွနေပြီး မတ်တတ်ရပ်နေရာကနေ နည်းနည်းကလေး ခုန် လိုက်ရင် လေထဲကိုကြွတက်လွင့်မျောသွားတော့မလို ခံစားမိ တာအကြိမ်ကြိမ်ပါပဲ။ တရားထိုင်ဖက်အမျိုးသမီးတစ်ယောက် ကတော့ “ကျွန်မကလေ တရားထိုင်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ပိုလှလာတယ်လို့ခံစားမိပြီး မှန်မကြာခဏကြည့်မိတယ်”လို့ ပြောပြဖူးပါတယ်။

ဒီလိုစွန်းလွန်းနည်းနဲ့တရားထိုင်ပြီးရင် ဖြစ်ပေါ်လာ လေ့ရှိတဲ့ မြူးကြွမှုဟာ ကမ္မဋ္ဌာန်းရဲ့တန်ခိုးတော်ကြောင့် လားလို့ မောင်ကြာညိုသုံးသပ်ကြည့်မိပါတယ်။ နှာသီးဖျားက သာမန် လေအဝင်အထွက်ကို ရှုမှတ်တဲ့နည်းနဲ့ ဝမ်းဗိုက်ပိန်မှု၊ ဖောင်း မှုကို စူးစိုက်သတိပြုတဲ့နည်းလို တခြားကမ္မဋ္ဌာန်းထိုင်နည်းတွေ ကို လိုက်နာကျင့်သုံးတဲ့ ယောဂီတွေအကြားမှာတော့ တရားထိုင် ပြီးရင် မြူးထူးတက်ကြွတဲ့ ခံစားမှုမျိုးဖြစ်ပေါ်လာတယ်လို့ ပြောသံမကြားဖူးပါဘူး။ စိတ်တည်ငြိမ်အေးချမ်းသွားကြောင်း ကိုတော့ ယောဂီတွေအားလုံးလိုလိုက ပြောတတ်ကြပါတယ်။ ဒါသဘာဝကျပါတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ စိတ်ကို တည်ငြိမ်အောင်ထိန်းတာ၊ စူးစိုက်တတ်အောင် လေ့ကျင့်ပေး တာကိုတော့ ဘယ်ကမ္မဋ္ဌာန်းနည်းပဲဖြစ်ဖြစ် လိုက်နာကျင့်သုံး ပြီးရင် စိတ်တည်ငြိမ်အေးချမ်းလာမှာ၊ စူးစိုက်တတ်တဲ့ စွမ်းရည် မြင့်မားလာမှာကတော့ မလွဲမသွေပါပဲ။ ကမ္မဋ္ဌာန်း ထိုင်တယ် ဆိုတာ စိတ်ကိုအကောင်းဆုံးလေ့ကျင့်ပေးတာပါ။

ဒီတော့ စွန်းလွန်းတရားထိုင်အပြီးမှာ ဖြစ်ပေါ်လာတဲ့ ကိုယ်တွေ့မြူးထူးတက်ကြွမှုရဲ့ အကြောင်းရင်းကို မောင်ကြာ ညို ရှာဖွေကြည့်မိတဲ့အခါမှာ အောက်ဆီဂျင်ကို သွားတွေ့ပါ တယ်။ နာရီဝက်၊ ၄၅ မိနစ်လောက် အပြင်းအထန် အသက်ရှူ လိုက်လို့ လေထဲမှာအမြဲရှိတဲ့အောက်ဆီဂျင်ဓာတ်တွေ အများ ကြီး ကိုယ်ထဲဝင်ရောက်သွားတာကြောင့် အဲဒီလိုမျိုး မြူးထူးတက်ကြွတဲ့ ခံစားချက် ထွက်ပေါ်လာတာဖြစ်ကြောင်း မောင်ကြာညိုသုံးသပ်မိပါတယ်။

မောင်ကြာညို ဘ၀သစ်ကျောင်းအုပ်ဖြစ်နေတုန်းက ကျောင်းဘောလုံးအသင်းကို အားပေးတဲ့အနေနဲ့ သူတို့ လေ့ကျင့်ကစားရာမှာ ကိုယ်တိုင်ဘာမှမကစားတတ်ပေမယ့် ဝင်ရောက်ကစားဖူးပါတယ်။ တစ်နာရီလောက်ကြာအောင် ကစားပြီးလို့ ရေမိုးချိုးအပြီးမှာ အင်မတန်နေလို့ ထိုင်လို့ကောင်း တဲ့ ခံစားချက်ထွက်ပေါ်လာတာကို အခုထက်ထိ သတိရနေ တုန်းပါပဲ။ အဲဒါဟာ တစ်နာရီလောက် ပြေးလွှားကန်ကျောက်ခဲ့ လို့ အသက်ပြင်းပြင်းရှူရင်း အောက်ဆီဂျင်တွေ ကိုယ်ထဲအများ ကြီးဝင်ရောက်ခဲ့မှုရဲ့ ရလဒ်ပါ။

အားကစားလုပ်ငန်းအမျိုးမျိုးဟာ အညောင်းအညာပြေ၊ အစာကြေစေပြီး သွေးကြောကျဉ်းတာတို့၊ လေဖြတ်တာတို့၊နှလုံးဖောက်မှုတို့ကိုဖြစ်ပေါ်စေတတ်တဲ့ သွေးကြောတွင်းအဆီ ကိုလက်စထရောလ်ကို လျော့ကျစေတဲ့အပြင် ကျန်းမာရေးနဲ့ အသက်ရှည်ရေးအတွက် အထူးလိုအပ်တဲ့ အောက်ဆီဂျင်ကိုအများအပြားရရှိစေတာကြောင့် အားကစားလိုက်စားကြရ တာပါ။ အထက်မှာဖော်ပြခဲ့တဲ့ အကျိုးတွေနဲ့ ကြွက်သားတွေ၊ အကြောတွေ၊ အရိုးတွေကျစ်လျစ်ဖွံ့ဖြိုးခိုင်မာတောင့်တင်းလာစေမှုအပြင် အားကစားလုပ်ငန်းရဲ့အဓိကဆုလာဘ်ကတော့ အောက်ဆီဂျင်အများကြီးရရှိခြင်းပါ။ အားကစားလုပ်ငန်း အမျိုးမျိုးထဲမှာ အသက်ကြီးငယ် ကျား၊ မ မရွေးလုပ်ဆောင်နိုင် ကြတာကတော့ အင်မတန်လည်း လွယ်ကူ အဆင်ပြေတဲ့ လမ်း လျှောက်ခြင်းပါ။ ဒီထက်တစ်ဆင့်တိုးပြီး အနှေးပြေး(Jog ging)ဆောင်ရွက်နိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ လမ်းလျှောက်တဲ့အခါမှာ နှေးနှေးကွေးကွေး သို့မဟုတ် ခပ်မှန်မှန်မဟုတ်ဘဲ သွက်သွက်လက်လက်လျှောက်ကြမှ အသက်ရှူပြင်းလာပြီး ဝင်သက်ထဲမှာပါလာတဲ့ အောက်ဆီဂျင် တွေအများကြီးရကြမှာပါ။ ခြေလှမ်းကျဲကျဲလှမ်းပေးရင်တော့ ဝမ်းဗိုက်ကြောတွေပါ လှုပ်ရှားလာရတာမို့ ဗိုက်မရွှဲအောင်ကာကွယ်ပေးတဲ့အပြင် ဝမ်းသွားရတာကိုလည်း လွယ်ကူ ချောမော မြန်ဆန်စေပါတယ်။

အသက်ရှည်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်တွေဟာ လေထဲမှာ အပြည့်အသိပ်ပါဝင်ပါ တယ်။ အဲဒီအဖိုးတန်လှတဲ့ အောက်ဆီဂျင်ကို သစ်ပင်တွေက ထုတ်ပေးကြတာပါ။ သစ်ပင်တွေဟာ လူအပါအဝင် သတ္တဝါ တွေကို ဒုက္ခတွေပေးတတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အဆိပ်အတောက်ဓာတ်ကိုလည်း စုပ်ယူပြီး လေထုကို သန့်ရှင်းစင် ကြယ်စေကာ အေးမြတဲ့ အရိပ်အာဝါသကိုပေးကြတာကြောင့် ဒီနေ့ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ရာသီဥတုပူနွေးလာမှု ပြဿနာ ကြီးကိုကူ ညီဖြေရှင်းပေးနေကြတဲ့အတွက် အင်မတန်အဖိုးတန် ပါ တယ်။ မောင်ကြာညိုက ၁၂၃_၇၅ ပေကျယ်တဲ့ ခြံထဲမှာ သရက်၊ ပိန္နဲ စတဲ့ သစ်သီးပင်ကြီး ဆယ့်လေးငါးပင် စိုက်ထားခဲ့ ပါတယ်။ နာဂစ်မုန်တိုင်းတိုက်တော့ သစ်ပင်ကြီးခုနစ်ပင် လဲပါ တယ်။ ရန်ကုန်တစ်မြို့လုံးက သစ်ပင်တွေသုံး ပုံတစ်ပုံလောက် လည်း လဲပါတယ်။ အဲဒါကိုဒီနေ့အထိရန်ကုန်မှာ သစ်ပင်တွေအစားထိုးစိုက်ပျိုးကြဖို့ ဘယ်သူကမှ ဆော်ဩတာ၊ လှုံ့ဆော်တာ၊ ညွှန်ကြားတာမျိုးမရှိခဲ့ပါဘူး။ ရလဒ်ကတော့ တီဗွီမှာအမြဲမြင် တွေ့နိုင်တဲ့ ကမ္ဘာ့မြို့ကြီးတွေရဲ့အပူဆုံးနဲ့ အအေးဆုံးအတိုင်း အတာတွေကို ကြေညာချက်ထဲမှာ ရန်ကုန်ကအမြဲတမ်းလိုလို ထိပ်ဆုံးကပါဝင်ပါတယ်။ ငါတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာထိပ်ဆုံး ကဖော်ပြ ခံရတာမျိုးလည်း ရှိသေးပါလားဆိုတဲ့ Irony (သရော် တော်တော်ဖြစ်ရပ်)ကို မောင်ကြာညို မချိတရိတွေးမိပါတယ်။

“သစ်တောသစ်ပင်တွေ အများအပြား စိုက်ပျိုးကြဖို့ အပူတပြင်း လိုအပ်နေပါပြီ}ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို လွန်ခဲ့ တဲ့လေးငါးခြောက်နှစ်က The Voice Daily သတင်းစာမှာ မောင်ကြာညိုရေးခဲ့ပါသေးတယ်။ ခုခြံထဲမှာ မျိုးကောင်းသရက် ပင်နှစ်ပင် အစားထိုးစိုက်ပျိုးခဲ့လို အခုဆိုရင်အသီးတွေတောင်စားနေရပါပြီ။

အောက်ဆီဂျင်ဟာ အသက်ရှင်ရေးအတွက် မရှိမဖြစ် လိုအပ်တာမို့ ကိုဗစ်ရောဂါမှမဟုတ်ပါဘူး။ တခြားရောဂါ၊ ဝေဒနာအမျိုးမျိုးကြောင့် လူနာဟာ အသည်းအသန်အခြေ အနေဆိုက်လာရင် ဆရာဝန်တွေကအောက်ဆီဂျင်ပေးလေ့ရှိ ကြပါတယ်။ အောက်ဆီဂျင်ဟာ ကိုယ်ခန္ဓာဆိုတဲ့ယန္တရားကြီး ကိုလည်းလည်ပတ်လှုပ်ရှားစေတဲ့ ဓာတ်ဆီပါပဲ။ ချောဆီပါ ပဲ။ အောက်ဆီဂျင်များများရမှ ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံး ဟာ သွက်သွက်လက်လက်၊ ချောချောမောမောလည်ပတ် လှုပ်ရှားနိုင်ကြတာပါ။ ဦးနှောက်ဆိုပါတော့ အောက်ဆီဂျင် များများရမှ ဦးနှောက်က သွက်သွက်လက်လက်၊ ချောချော မောမော၊ မြန်မြန်ဆန်ဆန် လှုပ်ရှားစဉ်းစားတွေးခေါ် ဆုံးဖြတ် မှတ်သားတတ်တာပါ။ ဦးနှောက်ခြောက်နေရင် ဝေခွဲမရ၊ စဉ်းစားမရဖြစ်နေရင်း၊ သတိမေ့လျော့နေရင်၊ အသက်ပြင်းပြင်း ရှူပြီး အောက်ဆီဂျင်များများရယူကြည့်ပါ။ ဦးနှောက်ထဲကို အောက်ဆီဂျင်များများရောက်သွားရင် ဦးနှောက်က ပိုကောင်း ကောင်းလှုပ်ရှားဆောင်ရွက်လာပြီး တွေးခေါ်စဉ်း စားတာတွေ က ပိုမိုလွယ်ကူရှင်းလင်းလာပါလိမ့်မယ်။ ဥပမာ-စာမေးပွဲ ဖြေခါနီးမှာ၊ အင်တာဗျူးဖြေခါနီးမှာ အသက်ပြင်းပြင်း ရှူပြီး အောက်ဆီဂျင်တွေအများကြီး ရယူသွားရင် စာမေးပွဲအင်တာဗျူးကိုအကောင်းဆုံး ဖြေဆိုသွားနိုင်မှာပါ။ တစ်လောက မောင်ကြာညို နေ့ခင်းမှာ ခဏလှဲနေရင်း အသက်ရှူမ၀သလို၊ ကိုယ်လက်တွေမလှုပ်ချင်သလို နုံးသလိုမျိုးခံစားမိပါတယ်။ ဒါနဲ့ အောက်ဆီဂျင်နည်းနေလို့များ ဒီလိုပျော့ခွေနေတာများ လားလို့ စဉ်းစားမိပြီး အသက်ပြင်းပြင်းငါးကြိမ်ရှူလိုက်ပါတယ်။ အဲဒီ အခါ မှာ လူဟာချက်ချင်းပဲလန်းဆန်းလာပြီး ခြေတွေ၊လက် တွေ သွက်သွက်လက်လက်လှုပ်ရှားနိုင်လာတာကိုတွေ့ရပါတယ်။ အဲဒါဟာ အောက်ဆီဂျင်များများရယူလိုက်မှုရဲ့အကျိုးပါ။

အဲဒီအဖိုးတန်လှတဲ့ အောက်ဆီဂျင်ကို ပိုက်ဆံတစ်ပြား တစ်ချပ်မျှ အကုန်အကျမခံရဘဲ အချိန်မရွေး အလွယ်တကူရယူနိုင်တဲ့နည်းရှိပါတယ်။ လူတွေက မသိကြလို့ပါ။ အဲဒီနည်း ကတော့ အသက်ပြင်းပြင်းရှူတာပါ။ အသက် ပြင်းပြင်းရှူလိုက် တဲ့အခါမှာ လေထဲမှာရှိနေတဲ့ အောင်ဆီဂျင်အများကြီးရပါ တယ်။ အကောင်းဆုံးအသက်ရှူနည်းကတော့ လေကို အားရ ပါးရတစ်ဝကြီးရှူသွင်းလိုက်ပါ။ ပြီးရင် လေကိုချက်ချင်း
ပြန်မထုတ်ပါနဲ့၊ တတ်နိုင်သလောက်ကြာကြာအောင့် ထားပြီး ကိုယ်ထဲမှာရောက်နေတဲ့ အောက်ဆီဂျင်က တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးရဲ့ လုပ်ငန်း ဆောင်တာတွေကို ချောမောမြန်ဆန်လာအောင် အထောက် အကူပြုခွင့်ပေးလိုက်ပါ။ ကိုယ်ခန္ဓာယန္တရားကြီးကို ချောဆီ၊အင်ဂျင်ဝိုင်းထိုးပေးတဲ့သဘောပါ။ မအောင့်နိုင်တော့မှထွက်သက်လေကို ဖြည်းဖြည်းချင်းပြန်ထုတ်ပါ။ ရှူသွင်းတုန်းက မြန်မြန်ပြီးအောင်ပါးစပ်နဲ့ရှူပြီး ပြန်ထုတ်တော့ အချိန်နှေးအောင် နှာခေါင်းနဲ့ဖြည်းဖြည်းချင်းထုတ်ပါ။

ဒီနည်းနဲ့ အောက်ဆီဂျင်ရယူရာမှာ တစ်ခုတော့ သတိထားဖို့လိုပါတယ်။ သန့်ရှင်းတဲ့လေရှိတဲ့နေရာမှာရှူမိဖို့ပါပဲ။ ရန်ကုန်လိုနေရာမျိုးမှာ ဒေသတော်တော်များများက လေ ဟာသိပ်မသန့်ပါဘူး။ အထူးသဖြင့်စက်ဆီနံ့တထောင်းထောင်း ထွက်နေတဲ့ ကားတွေဒလဟောပြေးဆွဲ နေတဲ့ လမ်းမကြီးတွေ၊ အနံ့မျိုးစုံထွက်နေတဲ့ဈေးတွေ၊ အိမ်ကလေးတွေ ပြွတ်သိပ်ကျပ် ညပ်နေတဲ့ရပ်ကွက်တွေက လေဟာ မသန့်တဲ့အတွက် အဲဒီလို နေရာမျိုးတွေမှာ အသက်ပြင်းပြင်းမရှူသင့်ပါဘူး။ အတော် အသင့်ကျယ်တဲ့ ကိုယ်ပိုင်အိမ်ထဲမှာ၊ တိုက်မြင့်ကြီးတွေရဲ့ အထပ်ထပ်တွေ မှာနဲ့ ပန်းခြံလို၊ ဥယျာဉ်လိုနေရာမျိုးတွေမှာတော့ လေဟာ သန့်ရှင်းစင်ကြယ်လေ့ရှိတာမို့ အဲဒီလိုနေရာတွေမှာ အားရပါးရရှူနိုင်ပါတယ်။ မူးသလို မော်သလိုမျိုးဖြစ်လာရင်၊ အားနည်းသလို မလှုပ်ချင်မယှက်ချင်တာမျိုး ဖြစ်လာရင် အောက်ဆီဂျင်များများရအောင် လေကိုတ၀ကြီးရှူကြည့်ပါ။ ချက်ချင်းလန်းဆန်းသက်သာသွားတာကို တွေ့ရပါ လိမ့်မယ်။

အချုပ်ဆိုရရင် အသက်ပြင်းပြင်းရှူတာကို ကျန်းမာရေး တာဝန်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီး မကြာခဏလုပ်ဆောင် ပေးပါ။ ပိုကျန်းမာအသက်ရှည်လာပြီး အောက်ဆီဂျင်ဝယ် ရှူရတဲ့ ပြဿနာလည်း ကင်းဝေးပါလိမ့်မယ်။ ကိုဗစ်ခေတ်ကြီး အတွက်ရော နောက်ပိုင်းတစ်ချိန်လုံးအတွက်ပါ အဖိုးတန်ကျန်းမာရေးအသိတရားတစ်ရပ်ကို မျှဝေပေးလိုက်တာပါ။