“နိုင်ငံတကာ ရေခဲပန်းပုပွဲတော်နဲ့ ဆီးနှင်းပွဲတော်ကျင်းပရာ ဟာဘင်း”

◾ ရေးသူ – စုသက်မှူး(မရမ်းကုန်း)

အေးလွန်းလို့ လေထဲကို ရေပက်လိုက်ရင် ရေခဲဖြစ်သွားတဲ့မြို့ ဆိုပြီး တရုတ်ပြည်မှာသာမက ကမ္ဘာမှာပါ ဟိုးအရင်ကတည်းက နာမည်ကျော်ခဲ့တဲ့မြို့ကတော့ တရုတ်ပြည် အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဟာဘင်းမြို့ပါပဲ။ အခုတော့ ဟာဘင်းကို အထူးတလည် မိတ်ဆက်စရာ မလိုအောင် ရေခဲပန်းပုပွဲတော်နဲ့အတူ လူသိများနေပါပြီ။ ဟာဘင်းမှာ တော့ ရေခဲပန်းပုပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာ ၂၅ရက်ကစပြီး ဖေဖော် ဝါရီ ၂၅ ရက်အထိ နှစ်လနီးပါးလောက်ကြာအောင် ကျင်းပလေ့ ရှိပါ တယ်။

အခုလည်း ဟာဘင်းရဲ့ ရေခဲပန်းပုပွဲတော် ကျင်းပတဲ့အချိန် ရောက်လာပြီဆိုတော့ ကျွန်မတစ်ယောက် တရုတ်နိုင်ငံမှာရှိတုန်း ဟာဘင်းသွားဖို့ စိတ်ကူးယဉ်မိပါတော့တယ်။ ဒီတော့ ရုံးကလူတွေကို ဟာဘင်းသွားချင်မိတဲ့အကြောင်း ပြောပြတော့ သူတို့က “အစ်မတို့ ဟာဘင်းရဲ့ အအေးဒဏ်ကို ခံနိုင်ပါ့မလား။ ဟာဘင်းက တရုတ်ပြည်မှာ အအေးဆုံးဒေသ။ ပြီးတော့ ဟာဘင်းသွားမယ်ဆို ရိုးရိုးသာမန်ဝတ် နေကျ အဝတ်အစားတွေနဲ့ သွားလို့မရဘူးနော်တဲ့”ဟု ဌာနေ တရုတ် ဝန်ထမ်းညီမလေးတွေက ကျွန်မကို သတိပေးပါတယ်။ ဒီတော့ ကျွန်မ တစ်ယောက် ဟာဘင်းမသွားခင် ဟာဘင်းနဲ့ ပတ်သက်တာလေးတွေ အင်တာနက်မှာ ရှာဖတ် ကြည့်မိပါတော့တယ်။

“ဟာဘင်းမှာ ရေခဲပန်းပုလက်ရာတွေကို နေ့ဘက်မှာ အနီးကပ် မြင်တွေ့ခံစားနိုင်သလို ညဘက်မှာလည်း ရေခဲပန်းပုတွေပေါ်မှာ ရောင်စုံထွန်းညှိထားတဲ့ မီးရောင်စုံအလှကိုကြည့်ပြီး ရေခဲရှုခင်းအလှကို ခံစားလို့ရပါသေးတယ်။”

ဟာဘင်း

တရုတ်မှာတော့ ဟာဘင်းဟာ အင်မတန်လှပပြီး လက်ရာ မြောက်တဲ့ ရေခဲပန်းပုတွေကို တစ်နေရာတည်းမှာ တစ်ဝကြီး ကြည့်ရှု ခံစားဖို့ အလှဆုံးနဲ့ အကောင်းဆုံးနေရာလို့ ညွှန်းဆိုကြပါတယ်။ ဒါ့အပြင် ရေခဲပန်းပုအလှကိုကြည့်ရင်း ရေခဲပြင် စကိတ်စီးအားကစားကိုလည်း တစ်နေရာတည်းမှာ လုပ်လို့ရလို့ ဟာဘင်းက ပိုလို့ နာမည်ကြီးလွန်းနေပါ တယ်။ အခုဆို ဟာဘင်းရေခဲပန်းပုပွဲတော်ဟာ Japan Sapporo Snow Festival, Canada Quebec Winter Carnival, နော်ဝေး Holmenkollen နှင်းလျှောစီးပွဲများလို ကမ္ဘာ့ထိပ်ဆုံး ရေခဲပြင်နဲ့ ဆီးနှင်းပွဲတော်များလို လူသိများ ထင်ရှားလွန်းလှပါပြီ။ ဒါ့ကြောင့်လည်း ဇန်နဝါရီလရောက်ပြီဆိုရင် ရေခဲပန်းပုတွေကို သွားကြည့်ဖို့ ဟာဘင်းကို သွားကြတဲ့သူတွေ သောင်းနဲ့ချီ များပြားလှ ပါတယ်။

ဆုန်ဟွာမြစ်တစ်လျှောက် ရေခဲပန်းပုပွဲတော်ကျင်းပ

ဟာဘင်းရဲ့ ကမ္ဘာကျော် ရေခဲပန်းပုပွဲတော်ကိုတော့ ရေခဲနေတဲ့ ဆုန်ဟွာမြစ်တစ်လျှောက်မှာ ကျင်းပလေ့ရှိပြီး ပွဲတော်မကျင်းပမီ ဒီဇင် ဘာလလောက်ကတည်းက ဟာဘင်းကို ဖြတ်ပြီးစီးဆင်းတဲ့ မြစ်တွေက ရေတွေဟာ ရေခဲပြင်ကြီးလိုဖြစ်နေလို့ အဲဒီရေခဲပြင်က ရေခဲတွေကို တူးပြီး ရေခဲပန်းပုတွေကို ထုလုပ်ကြပါတယ်။

ဒီနှစ်မှာဆိုလည်း လေယာဉ်တင်သင်္ဘောပုံစံ ရေခဲပန်းပုရုပ် အပါအဝင် ကြီးမားလွန်းတဲ့ ရေခဲ ရဲတိုက်ကြီးတွေ၊ ရေခဲနာရီစင်ကြီးတွေ၊ ရေခဲဝင်္ကပါလမ်းတွေ၊ လူရုပ်ပုံစံ ရေခဲပန်းပုတွေ၊ အကောင်ပုံစံ ရေခဲ ပန်းပုတွေ စသဖြင့် ထူးခြားမှုရှိတဲ့ ရေခဲပန်းပုအဆောက်အအုံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောပုံစံ ရေခဲပန်းပုဆိုရင် မီတာ ၅၀ ကျော်ရှိကာ အကျယ်အားဖြင့် ၁၀ မီတာနဲ့ အမြင့် ရှစ်မီတာ ရှိပြီး ရက်ပေါင်းများစွာ ဆောက်လုပ်ထားတဲ့ လက်ရာဖြစ်လို့ ဒီနှစ် အတွက် လူကြိုက်များတဲ့ လက်ရာအဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ရေခဲပန်းပုတွေ ဆောက်လုပ်တဲ့အခါမှာတော့ လူအားအပြင် စက်အား နဲ့ပါ တည်ဆောက်ကြရပါတယ်။ ရေခဲပန်းပုပွဲတော်ကျင်းပတဲ့ ဥယျာဉ် ထဲမှာတော့ ရေခဲပြင်ကြီးကို အလှပြင်ဆင်ထားတဲ့ ရေခဲအလှ ပန်းခြံ လေးခုအပြင် ရေခဲပန်းပုပေါင်းများစွာကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဟာဘင်းမှာ ရေခဲပန်းပုလက်ရာတွေကို နေ့ဘက်မှာ အနီးကပ် မြင်တွေ့ခံစားနိုင်သလို ညဘက်မှာလည်း ရေခဲပန်းပုတွေပေါ်မှာ ရောင်စုံထွန်းညှိထားတဲ့ မီးရောင်စုံအလှကိုကြည့်ပြီး ရေခဲရှုခင်းအလှကို ခံစားလို့ရပါသေးတယ်။ ဒါကြောင့် ဟာဘင်းကို လည်ပတ်မယ်ဆိုရင် နေ့ဘက်ရော ညဘက်အလှပါ မြင်တွေ့နိုင်အောင် အချိန်လေးပေးပြီး သွားတာ အကောင်းဆုံးပါပဲ။

ဟာဘင်းမှာ မဖြစ်မနေလုပ်သင့်သော အရာများရေခဲပြင်ရေကူးအားကစား

ဟာဘင်းမှာ မဖြစ်မနေလုပ်သင့်တဲ့အရာများကတော့ ဆုန်ဟွာ မြစ်မှာ ရေကူးတာပါပဲ။ ရေခဲပြင်မှာ ရေကူးတာက စွန့်စားမှုတစ်ခုလို့ ထင်ရပေမယ့် ရေခဲပြင် ရေကူးခြင်းအားကစားနည်းက ဒေသဆိုင်ရာ အားကစားနည်းတစ်ခု ဖြစ်လို့နေပါပြီ။ စွန့်စားခြင်းကို ကြိုက်တဲ့သူများ အတွက် မဖြစ်မနေ လုပ်သင့်သောအရာအဖြစ် ညွှန်းဆိုကြပါတယ်။

ဟာဘင်းမြို့အလှလမ်းလျှောက်ကြည့်ပါ

ဟာဘင်းမြို့ကို ရောက်ရင်တော့ မဖြစ်မနေ လုပ်သင့်တဲ့အထဲမှာ ဟာဘင်းမြို့အလှကို လမ်းလျှောက်ကြည့်တာလည်း ပါပါတယ်။ ၂၀ ရာစု အစောပိုင်း ဟာဘင်းမြို့ရဲ့ နေထိုင်မှုဘ၀ကို ခံစားလေ့လာနိုင်သလို ရုရှားပုံစံ ဆောက်ထားတဲ့ ဗိသုကာအဆောက်အအုံတွေကလည်း သင့်ကို ဆွဲဆောင်မှုရှိစေမှာ အမှန်ပါပဲ။ လမ်းလျှောက်ကြည့်ဖို့ ကိုယ့် အုပ်စုထဲမှာ လူလေးဦးရှိရင်တော့ ဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန် တွေလည်း အများကြီးရှိပါတယ်။

နှင်းမြို့တော်ကို သွားလည်ခဲ့ပါ

ဟာဘင်းရောက်တုန်း Hailin ကောင်တီမှာရှိတဲ့ China Snow Town (Xue Xiang) ကိုလည်း အချိန်ရရင် သွားရောက် လည်ပတ်သင့် ပါတယ်။ အဲဒီမှာ လှပတဲ့နှင်းများကိုတွေ့နိုင်သလို ဆောင်းရာသီ ရှုခင်း အလှကို ခံစားနိုင်တဲ့ နှင်းမော်တော်ဆိုင်ကယ်ကိုလည်း စီးလို့ရပါသေး တယ်။

အလွန်အေးတဲ့ ဟာဘင်း

ဟာဘင်းကို အလည်အပတ်သွားမယ်ဆိုရင်တော့ ဟာဘင်းရဲ့ ဆောင်းရာသီအပူချိန်ကိုလည်း အထူးသတိပြုဖို့ လိုပါမယ်။ ဟာဘင်းရဲ့ ဆောင်းရာသီအပူချိန်က အနုတ် ၃၀ ဒီဂရီအထိ ကျဆင်းပြီး ရေခဲတဲ့ အထိအေးလို့ နွေးထွေးတဲ့အဝတ်အစားနဲ့ ရေခဲပြင်မှာ လမ်းလျှောက်နိုင် တဲ့ လည်သာခြေရှည်ဖိနပ်တွေ စီစဉ်သွားတာ အကောင်းဆုံးပါပဲ။ ဟာဘင်းကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်က ဒီဇင်ဘာ ၂၀ ရက် နောက်ပိုင်းကနေ မတ်လအစောပိုင်းအထိ ဖြစ်ပါတယ်။ အဲဒီအချိန်က ရေခဲနဲ့ ဆီးနှင်းတွေကိုကြည့်ဖို့ အပြည့်အဝခံစားနိုင်တဲ့ အချိန်ကောင်း ပါပဲ။

ဟာဘင်းမှာတော့ ရေခဲပန်းပုလက်ရာတွေအပြင် ဆီးနှင်း ဖုံးလွှမ်းနေတဲ့မြို့ထဲမှာ အထင်ကရ ဘုရားရှိခိုးကျောင်းတွေနဲ့ ထူးခြားတဲ့ ပြတိုက်တွေကို လေ့လာရင်း ထင်ရှားတဲ့ ဒေသအစားအစာတွေဖြစ်တဲ့ ဟာဘင်းဝက်အူချောင်းနဲ့ ဟာဘင်းဘီယာကို လည်း မြည်းစမ်းကြည့်လို့ ရပါသေးတယ်။

ဟာဘင်းမှာ နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ ရေခဲပန်းပု ပြိုင်ပွဲတွေ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကြောင့် ပြိုင်ပွဲတွေ ရှိ၊ မရှိဆိုတာ မသိရပေမယ့် ဆီးနှင်းနဲ့ ရေခဲပြင်ဆိုင်ရာ အားကစားနည်း တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေကတော့ နှစ်တိုင်းလိုလို မပါမဖြစ် ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဟာဘင်းကို ပေကျင်းကနေ သွားမယ်ဆိုရင်တော့ ရထားနဲ့ သွားလို့ရသလို လေယာဉ်နဲ့လည်း သွားလို့ရပါတယ်။ ရထားနဲ့ သွားရင် ခရီးစရိတ် ပိုသက်သာတာမို့ အမြန်ရထားနဲ့သွားကြသူတွေ ပိုများပါ တယ်။ ဟာဘင်းရဲ့ ငါးရက်ကြာခရီးစဉ် သွားမယ်ဆိုရင် ခရီးစရိတ်တင် ၂၄၈၅ ယွမ် (မြန်မာငွေ ငါးသိန်းနီးပါး) ကုန်ကျမှုရှိပါတယ်။ တစ်ရက်ကို တစ်သိန်းနှုန်း စရိတ်ရှိတဲ့သဘောပါ။

ဒါကြောင့် ရေခဲပြင်ကြီးတွေကို ကြည့်ချင်တယ်၊ ရေခဲပန်းပု လက်ရာတွေကို မြင်ဖူးချင်တယ်၊ ရေခဲနန်းတော်ကြီးတွေကို တွေ့ဖူးချင် တယ်၊ ရေခဲပြင်ထဲ ဆော့ကစားချင်တယ်၊ နှင်းတွေနဲ့အတူ ဓာတ်ပုံတွေ ရိုက်ချင်တယ်ဆိုရင်တော့ ဟာဘင်းမြို့ကို ဒီအချိန်မှာ သွားလည်ဖို့ အကောင်းဆုံးပဲလို့ ဆိုကြပါတယ်။

ဟာဘင်းကတော့ တရုတ်ပြည်ရဲ့ အရှေ့ မြောက်ဘက်မှာရှိတဲ့ ဟေလုံကျန်းပြည်နယ်ထဲမှာရှိပြီး လူဦးရေ ကိုးသန်းကျော်ရှိတဲ့ ရေခဲနေတဲ့ မြို့လေးတစ်မြို့ပါ။ ကျွန်မကတော့ အားလပ်ရက်ရတဲ့အချိန် အဖော် ကောင်းရင် တရုတ်နိုင်ငံမှာရှိတုန်း ဟာဘင်း ကို တစ်ခါတစ်ခေါက်တော့ အရောက်သွားဖို့ ဆုံးဖြတ်ချက်ချထားမိပါတော့တယ်။