“ကတ္တရာလမ်းဘေးက ရာသီပန်းတွေ”

◾ ရေးသူ – နေခြည်(ကြီးနီ)

လမ်းမပေါ်မှာ Mask လေးတွေ ရာသီပန်းအဖြစ် လွင့်ကြွေနေကြသည်။ ကိုဗစ်ရာသီတွင် ဖူးပွင့်သောပန်းဖြစ်၍ လမ်းဘေးဝဲ၊ ယာတွင် လှိုင်လှိုင်မြင်တွေ့ရလေသည်။ အထူး သဖြင့် စည်းမဲ့ကမ်းမဲ့ သမားတို့ မျိုးစေ့ချခဲ့ခြင်း ဖြစ်လေသည်။ လမ်းဘေးများတွင် Mask များ မြင်မကောင်းသည်အထိ တွေ့မြင်နေရသည်မှာ လမ်းမ၏ ဂုဏ်သတ္တိတိုးလာလေသလား မသိ။ ရှေ့ဆောင်နွားလားအတိုင်း နောက်နွားတသိုက်ဖြောင့် ဖြောင့်လိုက်၏။

မြန်မာနိုင်ငံသည် စည်းကမ်းအလွန်မလိုက်နာသူများ ဖြစ်သည်။ ပရမ်းပတာ ကွမ်းတံတွေးထွေးခြင်း (ဘုရားရင်ပြင် တော်ပေါ်မှ မရှောင်)၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကို (Mask အပါအဝင်) အလွယ်တကူ ပြုလုပ်နေကြသည်။ ကားများ၊ ယာဉ်တန်းများတွင် အမှိုက်ပုံရှိသင့်သလို လမ်းတိုင်း အပန်းဖြေ နေရာတိုင်းတွင် အမှိုက်ပုံရှိသင့်ပါသည်။ တချို့ အမှိုက်ပုံးကို ပင်လှပ်၍ ကွမ်းတံတွေးမထွေး။ အဖုံးပေါ်မှာပင် လူမဆန်စွာ ထွေးပစ်ခဲ့တတ်ကြသည်။ လူသားတစ်ယောက်၏ လုပ်ရပ်ဟု ပင် အထင်မှားစရာ ဖြစ်သည်။

“လမ်းမပေါ်တွင် ပြန့်ကျဲနေသော ကိုဗစ်ပန်းများသည် ထိုစည်းကမ်းမရှိသူများ၏ မျိုးစေ့များဖြစ်သည်။ မဖြစ်သာ၍သာ တပ်ဆင်ရသည်။ စည်းမဲ့ကမ်းမဲ့ နေရာတိုင်းတွင်ပြုမူမည်သာဖြစ်သည်။ ရွာကမူ ရှင်းသည်။ Mask ကို မပါလျှင် ယူတပ်။ ပြန်လာလျှင် အမှိုက်ပုံးထဲထည့်ပြီးမှ လက်ဆေးခိုင်းပါသည်။”

မဟာလူသားတို့သည် မကောင်းသည့်အကျင့်ကို အတု ခိုးရာတွင် မျောက်ကဲ့သို့ ကျင့်သည်။ ရှေးကတစ်ယောက် Mask ကို လမ်းမပေါ် ချွတ်လွှင့်ပစ်လျှင် နောက်တစ်ယောက်က လုပ်ပြီးသား ဖြစ်သည်။ အထူးသဖြင့် မြို့မဈေးများတွင် ဈေးဆိုင် ရှိ အလုပ်သမားများMask မတပ်ကြပါ။ ကိုဗစ် (၁၉)သည် Mask တပ်သည့်တိုင် လုံခြုံမှု အပြည့်အဝပေးနိုင်သည်မဟုတ်။ ဟို တစ်နေ့က ချောက်မြို့ရှိ ပိုးတွေ့ကားသမား ကုန်ချခဲ့ရာ ဈေးဆိုင်များကို လော့ခ်ဒေါင်းချပြီး ကွာရန်တင်းဝင်ရန် စီမံပါ သည်။ “တစ်နေ့လုပ်မှ တစ်နေ့စားရတာ မဝင်နိုင်ဘူးဟူ၍ တင်းခံနေသဖြင့် ရဲများနှင့် အတင်းအကျပ် လုပ်ဆောင်ရပါ သည်။ ထိုသို့ ဈေးသည်များရှိခြင်းကြောင့် ပတ်ဝန်းကျင်အတွင်း ကိုဗစ်သည် အချိန်တိုနှင့် ခြေကုပ်ယူလာနိုင်ပါသည်။ Mask နှင့် Face Shield တပ်ခြင်းအတွက် ထူးပြီး အနေမခက်ပါ။ ထိုအရာများ တပ်ဆင်ထားခြင်းသည် ရှက်စရာ မဟုတ်ပါ။ ဈေး အတွင်း လှုပ်ရှားသွားလာနေသူများသည် လူအုပ်စုထဲတွင် ဖြစ်၍ ပိုပြီး ဂရုစိုက်သင့်ပါသည်။ Maskနှင့် Face Shield တပ်ဆင်ခြင်းသည် ယခုအခါ နိုင်ငံသားကောင်းတစ်ယောက် ၏ တာဝန်ကျေပွန်ခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့ရွာတွင် လူမိုက်စိန်ဝင်းဟူ၍ ရှိပါသည်။ ယခုအခါ မည်သူကမှ အမိန့်ပေးစေခိုင်းခြင်း မရှိပါဘဲ လုံခြုံရေး တာဝန်ယူထားပါသည်။ တစ်ခါက စိန်ဝင်းဟေ့ ဆိုလျှင် အရက် သမား၊ လူမိုက်လူရမ်းကားဟု သိထားကြပါသည်။ ယခုတွင် ကား ကိုယ့်ထမင်းကိုယ်စားပြီး ရပ်ရွာ၏ တာဝန်ကို နေ့ရော ညပါ လူငယ်များနှင့်အတူ တာဝန်ထမ်းဆောင်နေပါသည်။ သူ့ကို နှိမ်ခဲ့ကြသော လူတချို့အတွက် ရွာသားတစ်ယောက် တာဝန်ကျေပွန်ပေးနေပါသည်။ မဆက်ဆံချင်သလို၊ မတူမတန် သလို လူများအတွက် ထမ်းဆောင်နေပါသည်။ ဘယ်လိုလူမျိုး အတွက်ဟု အသိတရား ဝင်လာခြင်းမဟုတ်ပါ။ တစ်ရွာလုံး အတွက်၊ ငါချစ်တဲ့ရွာအတွက်ဟု ချစ်စိတ်ဝင်လာခြင်းသာဖြစ် သည်။ ဒီလိုကောင်မျိုး ဘာသုံးစားမလဲဆိုသော လူမျိုးက အဖိုးတန်လာခြင်း ဖြစ်သည်။ ထိုသည်မှာ ဖုန်းလေးတစ်လုံးနှင့် ဟိုဆွဲသည်ပွတ်ရာမှ သူကိုယ်တိုင် ကျေပွန်ရမည့်တစ်ထောင့် တစ်နေရာကို သိမြင်သွားခြင်း ဖြစ်လေသည်။

မြို့သို့ ရွာဈေးကား ထွက်သလား။ ဘာနာမည်၊ မှတ်ပုံ တင်၊ လူဦးရေ အတိအကျ စာရင်းယူ ထောက်ခံစာရေးပေး လုပ် ပါသည်။ ပြန်ရောက်မှ အခမဲ့ယူသွားသော တစ်ခါသုံးMaskကို အမှိုက်ပုံးထဲ သေချာထည့်၊ ဆပ်ပြာတိုက်လက်ဆေးသည်နေ့ မိမိတို့ ချောက်မြို့သို့ သွားရောက်ခဲ့ကြောင်း ဝန်ခံလက်မှတ် ထိုးခိုင်းပါသည်။ ရွာကင်းလူငယ်အဖွဲ့ကို မည်သူမှ ထိခိုက်နစ်နာ စကား မပြောရပါ။

ရွာသို့ ရန်ကုန်ကပြန်လာသည့် အလုပ်သမား နှစ်ယောက် ကွာရန်တင်းဝင်ခိုင်းသည်။ လက်မခံပါ။ မိဘ၊ ဆွေ မျိုးများကအစ ရန်လာတွေ့ပါသည်။ တခြားရွာတွေတောင် လက်ခံသေးတာ မင်းတို့ရွာက ဘာမို့လို့လဲဆိုသော စကားများ နှင့် တိုက်စစ်ချီပါသည်။ မည်သို့ပင် ဖြစ်စေ ကွာရန်တင်းမဝင်ပါ က အဝင်မခံပါ။ တခြားနေရာသွားပြီး တစ်နေ့ကမှ ပိုးတွေ့ သည်ဟု ဆိုပါသည်။ ယခုအခါ မကွေးကုသရေးစင်တာသို့ ပို့ဆောင်ထား ပါသည်။ ထိုနေ့ကသာ ပြတ်ပြတ်သားသားမရှိခဲ့ လျှင် ယခု အချိန်ဆို တစ်ရွာလုံး ရင်ထုမနာ ဖြစ်နေလောက်ပေ ပြီ။ တာဝန်ချိန်တွင် လူမုန်းမည်ကို မကြောက်သည့် အမှန် တရားဘက်က လူသားဖြစ်သည်။ တချို့က အထင်းသေးကြ သည်။ ဒီကောင်က တစ်ချိန်က ဘာကောင်ပါဟူ၍။ သို့သော် ကိုစိန်ဝင်းလိုသာ အမုန်းခံမည့်သူများ မရှိခဲ့ပါက တွေးကြည့်ရဲ စရာမရှိ။ ဟိုလူ့ မျက်နှာကြည့်၊သည်လူ့မျက်နှာကြည့်ရ အင်္ကျီ အဖြူဝတ်လူတွေ လာလျှင်ရွာအတွက် ကျေးဇူးအများကြီး ရှိပါ သည်။

ကိုစိန်ဝင်းက Mask တပ်ပြီး အပြင်ထွက်သွားသည်။ ပြန်လာ၍ အမှိုက်ပုံးထဲထည့်သည်ကို မမြင်လျှင် စစ်စစ်ပေါက် ပေါက် ဆဲဆိုပါသည်။ မှန်ပါသည်။ လမ်းမပေါ်တွင် ပြန့်ကျဲနေ သော ကိုဗစ်ပန်းများသည် ထိုစည်းကမ်းမရှိသူများ၏ မျိုးစေ့ များဖြစ်သည်။ မဖြစ်သာ၍သာ တပ်ဆင်ရသည်။ စည်းမဲ့ကမ်းမဲ့ နေရာတိုင်းတွင် ပြုမူမည်သာ ဖြစ်သည်။ ရွာကမူ ရှင်းသည်။ Mask မပါလျှင် ယူတပ်။ ပြန်လာလျှင် အမှိုက်ပုံးထဲထည့်ပြီးမှ လက်ဆေးခိုင်းပါသည်။ သို့မဟုတ်ပါက ကင်းအဖွဲ့ရန်ပုံငွေ အဖြစ် ကျပ် ၅၀၀၀ ဒဏ်ရိုက်ပါသည်။ အကြောင်းပြချက်များ လက်မခံပါ။ စည်းကမ်းတွင် ဆင်ခြေမရှိချေ။