“အကယ်ဒမီမြတ်လေးနှင့် စာပေဟောပြောပွဲ”

◾ ရေးသူ -မောင်ငြိမ်းသူ(ကြို့ပင်ကောက်)

ကမ္ဘာ့ကပ်ရောဂါကြောင့် အထွေထွေရပ်ဆိုင်းသွားကြရ သည့် လုပ်ငန်းစဉ်များထဲတွင် ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ကျင်းပနေသည့် “စာပေဟောပြောပွဲများ”လည်း ပါဝင်ပါသည်။

မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုအတွက် သားစဉ် မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်ခဲ့ကြသော စာပေ ဟောပြောပွဲများကို ပြည်ပရောက် မြန်မာတိုင်းရင်းသားများက လွမ်းဆွတ်တသစွာဖြင့် သူတို့နေထိုင်ကြရာ ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံမှ စာရေးဆရာများကို ဖိတ်ကြားကာ နှစ်စဉ်ကျင်းပ ခဲ့ကြသည်မှာ မြန်မာစာပေဟောပြောပွဲများ၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေပါသည်။

သို့သော် ယခုတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ စားဝတ်နေရေးနှင့် ရှင်သန်ရပ်တည်ရေးအဓိကမို့ စာပေဟော ပြောပွဲများ ကျင်းပနိုင်ကြဖို့ လမ်းစမမြင်ကြတော့ပေ။ လွမ်းမော ဖွယ်ကောင်းလေစွ။

“မျက်မှောက်ကာလမှာတော့ စာရေးဆရာကို အိမ်တိုင်ရာရောက် သွားလာပြီး ခေါ်ကြရ။ ကားလမ်းခရီးထက် လေယာဉ်ခရီးကို ဦးစားပေးကြ။ စာရေးဆရာ ကြိုက်နှစ်သက်ရာကိုသာ ရှာဖွေဧည့်ခံကျွေးမွေးရ။ တချို့ကလည်း မိသားစု ပျော်ပွဲစားထွက်သည့်ပမာ ဇနီး၊ သားသမီး၊ ခယ်မ မကျန် ခေါ်ဆောင်လာခဲ့ကြရာ ဟောပြောပွဲ ကျင်းပရေးကော်မတီ ကြွေးတင်ခံရ။ ဂျာနယ်များထဲတွင် ဖွကြရာမှ အရှက်ကွဲကြ။ နယ်ဟောပြောပွဲကို အကြောင်းအမျိုးမျိုးပြဖျက်ပြီး ရန်ကုန်ထဲတွင် တစ်ညတည်း စင်သုံးစင်ကူးကာ ဟောပြောကြ။”

လွမ်းမောဖွယ်ကောင်းသည့်ကြားမှ ရွံရှာအော့နှလုံး နာစရာကောင်းလှသည့် ဆွမ်းဆန်ထဲမှ ကြွက်ချေးများကိုလည်း ပြန်လည်မြင်ယောင်လာပါသည်။ ထိုကြွက်ချေးများထဲမှ သိက္ခာ ကို ရိက္ခာနှင့် လဲစားနေကြသော ပွဲအချို့၏ လုပ်ကွက်အချို့ကို တင်ပြလိုပါသည်။ စာပေဟောပြောပွဲ ကျင်းပရေးကော်မတီကသူတို့တတ်နိုင်သမျှ စာရေးဆရာတစ်ဦးလျှင် ဥပမာ-ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် ဟောပြောကြမည့် စာရေးဆရာများနှင့် ကြိုတင်ညှိနှိုင်းသဘောတူထားကြသည်။ သို့သော် သဘောတူ လက်ခံထားခဲ့ကြသော စာရေးဆရာများက ကျပ်နှစ်သိန်း၊ သုံးသိန်းပေးခေါ်သော ဒေသများသို့ လိုက်ပါဟောပြောကြရန် ထပ်မံလက်ခံ လိုက်ကြပြန်ပါသည်။ မူလက ကျပ်တစ်သိန်းစီဖြင့် လက်ခံထားသောဒေသမှ ဟောပြောပွဲကျင်းပရေးကော်မတီက တကူးတက လာရောက်ခေါ်ကြသောအခါ အကြောင်းအမျိုးမျိုးပြကာ ငြင်းဆိုပယ်ဖျက်ခဲ့ကြသည်။

ဟောပြောကြမည့် စာရေးဆရာများ၏ အမည်များကို ကြေညာပြီး ရန်ပုံငွေရှာဖွေထားကြသော ဟောပြောပွဲကျင်းပ ရေးကော်မတီဝင်များခမျာ မျက်နှာငယ်လေးများဖြင့် ပြန်သွား ကြပြီး ဒေသခံများကို ခခယယရှင်းပြတောင်းပန်ကြကာ ဖြစ် သလို ကျင်းပခဲ့ကြရသည်။

ဤသည်မှာ သာဓက တစ်ရပ်သာဖြစ်ပါသည်။ သိက္ခာ ကို ရိက္ခာနှင့် လဲခဲ့ကြသော လုပ်ရပ်များစွာရှိခဲ့ရာ စာပေ ဟောပြောပွဲများ၏ ပုံရိပ်ကို အလွန်ပင်ထိခိုက်စေခဲ့ပါသည်။ ကျွန်တော်က ဘ၀တူစာရေးဆရာအချင်းချင်း စကားလက်ဆုံ ကျရင်းက ဆောင်ဖွယ်၊ ရှောင်ဖွယ် အသွယ်သွယ်ကိုပြောပြခဲ့ရာ မှ “စာရေးဆရာတောင်တွင်းကိုရင်ဩ”က စာပေဟောပြောပွဲ တွေမှာ အချို့စာရေးဆရာစစ်စစ်တွေက ကတိဖျက်သစ္စာမဲ့ခဲ့ ကြပေမယ့် ရုပ်ရှင်အနုပညာနယ်ပယ်မှ အနုပညာရှင်ကြီး တစ်ယောက်ကတော့ သူ့ရုပ်ရှင်လောကသားတွေထက် စာပေ ချစ်သူများကိုသာ ဦးစားပေး ကတိတည်ခဲ့သည့်အကြောင်း သူ့ကိုယ်တွေ့ ဖြစ်ရပ်ကို ခံစားချက်ဖြင့် ရှင်းပြခဲ့ရာ စံနမူနာယူဖွယ် ကောင်းလှပါသည်။

“ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ၊ သီချင်းရေး ဆရာ၊ အဆိုတော်၊ စွယ်စုံရအကယ်ဒမီမင်းသားကြီး (ဦး)မြတ် လေး}ကို အနုပညာဝါသနာပါသူတိုင်း သိခဲ့ကြပါသည်။ နှစ်သက်လက်ခံအားပေးခဲ့ကြပါသည်။ သူ့ခေတ်မှာတော့ သူလည်း စူပါတစ်ဦးအဖြစ် ထင်ရှားကျော်ကြား လူကြိုက်များ ခဲ့ပါသည်။

“အလှ ဘုရားမလေး × × × လိုရာဖဲ၊ လိုရာဖန် × × × ကပြားမလေး ညိုပြာညက် × × × ဂိုယာရမ်ဓဟူသော သီချင်းနှင့် “သို့ … မခင်နှင်းဆီ” ဟူသော သီချင်းများသည် ဆရာမြတ်လေး ၏ လက်ရာဂန္ထဝင်သီချင်းများပင်ဖြစ်သည်။ “ဆံမြိတ်လည်းပြေ _ ပန်းလည်းကြွေ” တက္ကသိုလ်နောက်ခံဝတ္ထုလည်း ထင်ရှားခဲ့ သည်။

“လောကမှာ ကိုယ် × ရွှေ မဖြစ်ချင်ဘူးပပ × × ရွှေကို စိန်နဲ့ကွပ်တော့ စိန်လက်စွပ်၊ ပတ္တမြားနဲ့ ကွပ်တော့ ပတ္တမြား လက်စွပ်၊ ရွှေရဲ့တန်ဖိုးပျောက်လွန်းလို့”ဟူသော” ငို၍ရယ်၍မရ သောမျက်နှာ”ဇာတ်ကားမှ ဒိုင်ယာလော့ခ်တွေနှင့် ဟန်အမူ အရာတွေကို ရုပ်ရှင်ချစ်သူများ မမေ့နိုင်ကြဘဲ တသသစွဲထင် နေကြဆဲပါ။

“ပန်းပန်လျက်ပါ” ဇာတ်ကားထဲမှာ ကောလိပ်ဂျင် နေဝင်းနှင့် မြတ်လေးတို့ အချေအတင်အပြန်အလှန်စကားနိုင် လုခဲ့ကြသည့် ပုံရိပ်တွေကိုလည်း ရုပ်ရှင်ချစ်သူများ ပြန်လည် မြင်ယောင်နေကြဆဲ၊ ကြားယောင်နေကြဆဲပါ။

“မြို့ကြီးပြကြီးမှာ နေထိုင်ကြရတာ၊ သွားသုတ်သုတ်၊ လာသုတ်သုတ်၊ စားသုတ်သုတ်နဲ့ ရှုပ်ယှက်ခတ်နေတာပါပဲ အရီးလေးရာ။ ဟော… အခုလို လယ်ယာမြေထဲမှာ သန့်ရှင်း တဲ့လေကောင်းလေသန့်လေးကို ရှူရှိုက်လိုက်ရတော့ လူ့ကို လန်း၊ စိတ်ချမ်းသာသွားတာပဲ အရီးလေးရာ” ဟု “ချွေးနှင့် သွေး နှင့်ရင်းသည့်မြေ” ဇာတ်ကားတွင် မြတ်လေးက လက်နှစ်ဖက် ကိုအားရပါးရလွှဲပြီး ရင်ကိုကော့ကာ လမ်းလျှောက်နေရင်းက ဒေါ်ဂျမ်းစိန်ကို ပြောပြနေပုံကိုလည်း ရုပ်ရှင်ချစ်သူများ၏ နှလုံး သားထဲတွင် စွဲထင်နေကြဆဲပင်။

ထိုသို့ နာမည်ကျော်ကြား လူကြိုက်များလှသော ဆရာမြတ်လေးကို လှိုင်မြို့နယ် အမှတ်(၂) ရပ်ကွက်တွင် စာပေဟောပြောပေးရန်အတွက် ထိုအချိန်က ကျောင်းဆရာ (ယခုစာရေးဆရာတောင်တွင်းကိုရင်ဩ)က ဆရာမြတ်လေးရှိ သော လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း)ရှိ အပေါင်းလက္ခဏာ ရုပ်ရှင်ရုံးခန်းသို့ သွားရောက်ဖိတ်ကြားခဲ့သည်။ ဆရာမြတ်လေး ကလည်း ဟောပြောပေးပါမည်ဟု ကတိပေးကာ သူဟော ပြောမည့် ခေါင်းစဉ်ကိုပါ ပေးလိုက်ပါသည်။

တောင်တွင်းကိုရင်ဩနှင့် ဟောပြောပွဲကျင်းပရေး ကော်မတီဝင်များ ဝမ်းသာအားရ ညှိနှိုင်းတိုင်ပင်ကြကာ ဖိတ်စာရိုက်ပြီး ရင်ထိုးတံဆိပ်နှင့်တွဲကာ ဆရာမြတ်လေးထံသို့ သွားရောက်ပေးအပ်သောအခါ ဆရာမြတ်လေးထံမှ မထင် မှတ်သောစကားကို အံ့အားသင့်စွာကြားလိုက်ရသည်။

“စာပေပြောပွဲကျင်းပမယ့်နေ့မှာ ရုပ်ရှင်အကယ်ဒမီ ချီးမြှင့်ပွဲကျင်းပမှာတဲ့ဗျာ။ သူတို့က နောက်ကျပြီးမှ သတ် မှတ်တာပါ။ ဝန်ကြီးကလည်း ကျွန်တော့်ကို မတက်မဖြစ် ဆက်ဆက်တက်ပါလို့ မှာထားတယ်တဲ့ဗျာ။ ဒါပေမဲ့ ခင်ဗျားတို့ ဘာမှပူပင်မနေကြပါနဲ့၊ အကယ်ဒမီပွဲပြီးတာနဲ့ ကျွန်တော် ဆက်ဆက်လာခဲ့ပါမယ်။ ရော့… ကျွန်တော့်ဖုန်းနံပါတ်ယူ သွားပါ”

တောင်တွင်းကိုရင်ဩ ရင်မောစိုးရိမ်သွားရလေပြီ။ သူလိုနာမည်ကျော်အနုပညာရှင်ကြီးက အကယ်ဒမီပွဲအပြီးမှာ မထင်မရှားရပ်ကွက်လေးထဲက သာမန်စာပေဟောပြောပွဲလေး ကို သတိရတော့မယ် မထင်ပါဘူးလေဟု စိတ်ကို ဖြေသိမ့်လျှော့ထားခဲ့ရလေသည်။

လှိုင်မြို့နယ် (၂) ရပ်ကွက် သီရိလမ်းပေါ်ရှိ စာပေ ဟောပြောပွဲကို ည ၈ နာရီမှစတင်၍ ဟောပြောခဲ့သည်။ စာပေ ဟောပြောနေစဉ် ည ၈ နာရီ သတင်းကြေညာခဲ့ရာ ]ရင်ထဲမှာ ရွာသောမိုး} ဇာတ်ကားဖြင့် ၁၉၈၄ ခုနှစ်အတွက် အမျိုးသား ဇာတ်ပို့အကယ်ဒမီဆုကို ဆရာမြတ်လေးဆွတ်ခူးရရှိကြောင်း သတင်းပါလာခဲ့သည်။

ဟောပြောပွဲကျင်းပရေးကော်မတီဝင်များ ဆရာမြတ် လေးအတွက် ဝမ်းသာကြသော်လည်း မျှော်လင့်ချက်ကိုတော့ လုံးဝ လျှော့ကြပါသည်။ စာရေးဆရာတစ်ဦးစာပေဟောအပြီးမှာ အခမ်းအနားမှူးကို ဆရာမြတ်လေး အကယ်ဒမီဆု ရရှိသွား ကြောင်း၊ အကယ်ဒမီပူပူနွေးနွေးရရှိလိုက်သော ဆရာမြတ် လေး၊ အကယ်ဒမီပွဲကြောင့် စာပေဟောပြောပွဲသို့ အချိန်မီ ရောက်မလာပါက စာနာနားလည်ခွင့်လွှတ်ပေးကြစေလို ကြောင်း မေတ္တာရပ်ခံပန်ကြားစေခဲ့ရာ ပြေလည်သွားခဲ့သည်။

သို့သော် တောင်တွင်းကိုရင်ဩက စိတ်ထဲမှာ မချင့်မရဲ ဖြင့် ဆရာမြတ်လေးအိမ်ကို ဖုန်းဆက်ကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦးက “ကမာရွတ်လား၊ ဘာလားတော့ မသိဘူး၊ စာပေဟောပြောပွဲရှိလို့ သူ့မိတ်ဆွေတွေကို အိမ်မှာပဲစောင့်နေ ကြပါ။ ပြန်လာမှ ကျေနပ်တဲ့အထိ မိုးအလင်းဧည့်ခံပါ့မယ်လို့ တောင်းပန်ပြီး ကားနဲ့ အခုနကပဲ၊ ထွက်သွားပါပြီ”ဟု ပြန်လည် ပြောကြားခဲ့သည်။

ဝမ်းသာအားရ ထခုန်သူ တောင်တွင်းကိုရင်ဩနှင့်ဟောပြောပွဲကျင်းပရေးကော်မတီဝင်များအားလုံး ပြုံးပျော် ကြည်နူးသွားခဲ့ကြသည်။ နှုတ်အပြောနှင့် အလုပ်သဘော ထပ် တူကျပြီး ကတိတည်သောဆရာမြတ်လေးကို ပို၍အထင်ကြီး လေးစားသွားခဲ့ကြသည်။ အခမ်းအနားမှူးကိုလည်း ဆရာမြတ် လေး စာပေဟောပြောပွဲသို့ လာနေပြီဖြစ်ကြောင်း ကြေညာစေ ခဲ့ရာ စာချစ်သူများ၏ လက်ခုပ်သံ တဖြောင်းဖြောင်းက ကြက်သီးမွေးညင်းထလောက်အောင် လွင့်ပျံဝေစည်သွားခဲ့ သည်။

ဆရာမြတ်လေးရောက်လာသောအခါ ကြိုဆိုနေရာချ ထားပေးကြကာ “ဆရာဘာများသုံးဆောင်ချင်ပါသလဲ။ ဒီမှာ တော့ အချမ်းပြေမန္တလေးရမ်ပဲရှိပါတယ်”ဟု အားနာပါးနာ ပြောပြသောအခါ ဆရာမြတ်လေးက “ဘာမှ ဒုက္ခမရှာကြပါနဲ့။ ရှိတာ ပဲသုံးဆောင်ပါ့မယ်။ အရေးကြီးတာက စာပေဟောပြော ဖို့ပါ”ဟု ပြုံးပြုံးရယ်ရယ်ပြောဆိုကာ မှီဝဲသုံးဆောင်ပြီး သူပေး ထားသော ခေါင်းစဉ်နှင့်အညီ သုတရသ အဖြာဖြာကို စိတ်ပါ လက်ပါအားပါးတရဟောပြောသွားခဲ့သည်။ စာချစ်သူများက လည်း လက်ခုပ်သံတဖြောင်းဖြောင်းနှင့် အားရကျေနပ်သွားကြ ပါသည်။

စာပေဟောပြောပွဲ လက်ဆောင်အဖြစ် တိုက်ပုံစတစ်စ တည်းသာ ပေးအပ်နိုင်ခဲ့သည်ကိုလည်း ကျေနပ်လက်ခံကာ မည်သူမျှလိုက်ပို့စရာမလိုဘဲ သူ့ကားဖြင့်ပင် ပြန်သွားခဲ့ပါ သည်။ ဆရာမြတ်လေး၏ အကယ်ဒမီရပြီး ပွဲဦးထွက်စာပေဟောပြော ပွဲပင်တည်း။

ယခုခေတ်စာပေဟောပြောပွဲများ၏ ပုံသဏ္ဌာန်နှင့် အတွင်းသရုပ်ကို စာချစ်သူများ ကိုယ်တွေ့မို့ အဖြူနှင့်အမည်း၊ ဓမ္မနှင့် အဓမ္မကို ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြားစဉ်းစားနားလည်နိုင်ကြ ပေလိမ့်မည်။

မျက်မှောက်ကာလမှာတော့ စာရေးဆရာကို အိမ်တိုင် ရာရောက်သွားလာပြီး ခေါ်ကြရ။ ကားလမ်းခရီးထက် လေယာဉ်ခရီးကို ဦးစားပေးကြ။ စာရေးဆရာကြိုက်နှစ်သက်ရာ ကိုသာ ရှာဖွေဧည့်ခံကျွေးမွေးရ။ တချို့ကလည်း မိသားစု ပျော်ပွဲစားထွက်သည့်ပမာ ဇနီး၊ သားသမီး၊ ခယ်မ မကျန် ခေါ်ဆောင်လာခဲ့ကြရာ ဟောပြောပွဲကျင်းပရေးကော်မတီ ကြွေးတင်ခံရ။ ဂျာနယ်များထဲတွင် ဖွကြရာမှ အရှက်ကွဲကြ။ နယ်ဟောပြောပွဲကို အကြောင်းအမျိုးမျိုးပြဖျက်ပြီး ရန်ကုန်ထဲ တွင် တစ်ညတည်း စင်သုံးစင်ကူးကာ ဟောပြောကြ။ စင်ကူး ဟောပြောသူများအတွက် အဆင့်ဆင့်ပို့ဆောင်ပေးကြရ။ ဟောပြောကြေး ကြမ်းခင်းဈေးက အနည်းဆုံးကျပ်နှစ်သိန်းနှင့် ဒေသထွက်လက်ဆောင်များ။ နယ်မှာ ကျင်းပကြသူများက ရန်ကုန်က စာရေးဆရာများကို အသွားအပြန် စားသောက် စရိတ် အားလုံးတာဝန်ယူကြရ။ ရောက်ရှိရာဒေသတွင်လေ့လာ ရေး၊ ဘုရားဖူးမြော်ရေး၊ ဈေးဝယ်ရေး ပူဆာကြပါက လိုက်ပါ ပို့ဆောင်ပေးကြရ။ ဤသည်တို့က ထုံးစံနိယာမဖြစ်နေကြလေပြီ။

ဆရာမြတ်လေး၏ စာပေဟောပြောပွဲသစ္စာရှိ ကတိတည်ပုံ၊ ကရိကထ မများဘဲ စေတနာထားပုံ၊ ဟောပြောပွဲ ကော်မတီဝင်များကို တာဝန်ပိစိတ်မဖိစီးစေဘဲ ကိုယ့်အစီအစဉ် ဖြင့် သွားလာခဲ့ပုံ၊ အနစ်နာခံခဲ့ပုံ၊ မာန်မာနမထားပုံများကို ယနေ့ စာရေးဆရာ၊ ဆရာမများ စဉ်းစားဆင်ခြင် အတုယူကြစေချင် ပါသည်။

တကယ်တော့ သိက္ခာကို ရိက္ခာနှင့် မလဲခဲ့သော စွယ်စုံ ရ အနုပညာရှင်ကြီး အကယ်ဒမီဆရာ(ဦး)မြတ်လေး၏ စာပေ သမိုင်းကား မော်ကွန်းတင်အမူကွန်းဝင်နေလေပြီတည်း။