COVID-19ကာကွယ်ဆေးရရှိပါက ထိုးနှံမည့်တိုင်းနှင့်ပြည်နယ်များသို့ ၂၄နာရီအတွင်း အရောက်ပို့ဆောင်နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံသို့ COVID-19ရောဂါကာကွယ်ဆေး ရောက်ရှိလာပါက ထိုးနှံပေးသွားမည့် တိုင်းနှင့်ပြည်နယ်များသို့ ၂၄ နာရီအတွင်း အရောက်ပို့ဆောင်နိုင်မည့်အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများကဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ယမန်နေ့(ဇန်နဝါရီ ၁၃ ရက်)က COVID-19 ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေအမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးရာတွင် ဦးစားပေးလူအုပ်စုများရွေးချယ် ထိုးနှံသွားမည့်အစီအစဉ်(ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၆၅) နှစ်အထက် ပြည်သူများအား ပထမဦးစားပေး လူအုပ်စု အဖြစ် ရွေးချယ်သတ်မှတ်ထားမှု)နှင့် အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold chain storage) လိုအပ်သည့် COVID-19 ကာကွယ်ဆေးအမျိုးအစားရရှိပါက အအေးလမ်းကြောင်း မပျက်စေဘဲ ထိုးနှံမည့် နေရာသို့ အမြန်ဆုံးသယ်ယူပို့ဆောင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ သိုလှောင်ဖြန့်ဖြူးမည့် အခြေအနေနှင့် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တို့ကိုလည်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မတူညီသော အအေးလမ်းကြောင်းစနစ်လိုအပ်သည့် COVID-19 ကာကွယ်ဆေးအမျိုးအစားများ ပြိုင်တူရောက်ရှိလာပါက ဆောင်ရွက်ရမည့် အစီအစဉ်၊စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS – 2) ကို အသုံးပြုကာ ကာကွယ်ဆေးထိုးနှံရန် အကြုံးဝင်သည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ခြင်း ဆောင်ရွက်မည့် အစီအစဉ်တို့ကိုလည်းဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားသည်။

ပြည်သူလူထုထံသို့ ရရှိလာမည့် COVID-19 ကာကွယ်ဆေးအမျိုးအစားအလိုက် ကာကွယ်ဆေးဆိုင်ရာ အချက်များ၊ ထိုးနှံရမည့် အကြိမ်ရေ၊ သတိပြုလိုက်နာရမည့် အချက်များစသည့် သိသင့်သိထိုက်သော အချက်များ အသိပေးဆက်သွယ်ဖြန့်ဝေမည့် အစီအစဉ်နှင့်ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်မည့် အချက်အလက်များကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဒေါက်တာမြင့်ထွေးက COVID-19 ကာကွယ်ဆေးများကို သက်ဆိုင်ရာ ကာကွယ်ဆေးအမျိုးအစားအလိုက် သတ်မှတ်အအေးလမ်းကြောင်းအတိုင်း အမြန်ဆုံးဖြန့်ဖြူး ထိုးနှံနိုင်ရေးသည် အဓိကျသည်မှာ ပေါ်လွင်နေကြောင်း၊ ကာကွယ်ဆေးထိုးစီမံချက်တစ်ခုလုံး၏ အောင်မြင်မှု ရရှိစေရန်အဓိကအချက်မှာ စီမံခန့်ခွဲမှုအပိုင်းကို ပိုမိုပီပြင်ရေး ဆောင်ရွက်ရန်နှင့် အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်များပေးရမည် ဆိုသောအချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တင်ပြချက်များအပေါ်မူတည်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အဖွဲ့နှင့် ယခင်ဖွဲ့ထားသော လုပ်ငန်းအဖွဲ့များကို လိုအပ်သလိုပြန်လည်သုံးသပ်ကာ ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေအရပ်ရပ်ကို ကြိုတင်မသိရှိနိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံနေသည့် အချိန်ကာလ၌ပင် လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အမြဲတမ်းမျက်ခြေမပြတ် သုံးသပ်၍ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (CNCC) သို့ ချက်ချင်းသတင်းပို့ရမည်ဖြစ်ပြီး ကော်မတီမှလည်း ချက်ချင်းတုန့်ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်းဒေါက်တာမြင့်ထွေးက အသိပေးပြောကြားခဲ့သည်။

သတင်း-မိုးသိမ့်နိုင်

ဓာတ်ပုံ-MOHS