အီရန်နိုင်ငံရဲ့ အကြီးဆုံးစစ်သင်္ဘောကို စစ်ရေးလေ့ကျင့်မှုနဲ့အတူ ပွဲထုတ်ပြသ

ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အီရန်ရေ‌ကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ရပ်မှာ လက်ရှိအသုံးပြုနေတဲ့ စစ်သင်္ဘောတွေထက် အရွယ်အစားပိုမိုကြီးမားတဲ့ သင်္ဘောအသစ်တစ်စင်းကို အီရန်ရေတပ်က ပွဲထုတ်ပြသလိုက်ပါတယ်။

အဆိုပါစစ်သင်္ဘောကို IRIS မက်ခရန် (IRIS Makran) လို့ နာမည်ပေးထားပြီး ကုန်းပတ်ပေါ်မှာ ရဟတ်ယာဉ် ၅ စင်းအထိ ရပ်နားနိုင်ကြောင်း သိရပါတယ်။

IRIS မက်ခရန်ဟာ မူလတည်ဆောက်စဉ်က ရေနံတင်သင်္ဘောတစ်စီးဖြစ်ပြီး လက်ရှိအချိန်မှာတော့ စစ်ရေးထောက်ပံ့မှု၊ ကယ်ဆယ်ရေးနဲ့ အထူးစစ်ဆင်ရေးအတွက် တိုက်ရေယာဉ်ငယ်များ အခြေစိုက်ရပ်နားနိုင်မယ့် စစ်သင်္ဘောကြီးအဖြစ် မွမ်းမံပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။

အလျား ၂၂၈ မီတာရှည်တဲ့ အဆိုပါစစ်သင်္ဘောပေါ်မှာ မြေပြင်ရေပြင်ပေါ်က ပစ်မှတ်ကိုပစ်ခတ်နိုင်မယ့် ဒုံးကျည်စနစ်၊ ရေငုပ်သင်္ဘောတွေက ဒုံးကျည်ကို ရှာဖွေသိရှိနိုင်မယ့်စနစ်တွေပါဝင်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ အမေရိကန်နဲ့စစ်ရေးတင်းမာနေချိန်မှာ အိုမန်ပင်လယ်အတွင်း ရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး IRIS မက်ခရန် စစ်သင်္ဘောကို မိတ်ဆက်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား – အယ်ဂျာဇီးယား
သတင်း – ကိုဆွဲ(မုံရွာ)