ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီဖြစ်ကြောင်း ယူနိုက်တက်ကွင်းလယ်လူ မာတစ် ပြောကြား

ဘန်လေအသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့တဲ့အတွက် မိမိတို့ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်‌‌ခေါ်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာမာတစ် က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က ကစားခဲ့တဲ့အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာရဲ့သွင်းဂိုးကြောင့် ဘန်လေကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး ဇယားအဆင့်(၁)ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် နည်းပြဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့ မှတ်တမ်းကိုလည်း ရရှိခဲ့ပါသေးတယ်။

ဒါ့ကြောင့် ဝါရင့်ကွင်းလယ်လူမာတစ် က “လက်ရှိခြေစွမ်းအရ ကျွန်တော်တို့အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်ဖို့ အသင့်ဖြစ်နေပါပြီ။ တစ်ပွဲထက်တစ်ပွဲ ပိုပြီးခြေစွမ်းတည်ငြိမ်လာပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကိုးကား – Breaking News
သတင်း – ကိုဆွဲ(မုံရွာ)