No Time to Die ဂျိမ်းစဘွန်းရုပ်ရှင်သစ်ကို နိုဝင်ဘာလမှသာ ရုံတင်ပြသနိုင်ဖွယ်ရှိ

မင်းသားကြီး ဒန်နီယယ်ခရိတ် ပါဝင်သရုပ်ဆောင်ထားတဲ့ No Time to Die ဂျိမ်းစဘွန်းရုပ်ရှင်ဇာတ်ကားသစ်ကို ဒီနှစ် ဧပြီလမှာ ရုံတင်ဖို့စီစဉ်ခဲ့ပေမယ့် Covid-19 ကပ်ရောဂါအခြေအနေ ဆိုးရွားနေဆဲဖြစ်တာကြောင့် ဆောင်းဦးပေါက်ကာလဖြစ်တဲ့ နိုဝင်ဘာလအထိ ဆက်လက်ရွှေ့ဆိုင်းထားရဖွယ်ရှိတယ်လို့ အဆိုပါရုပ်ရှင်ထုတ်လုပ်သူတို့က ပြောပါတယ်။

No Time to Die ဇာတ်ကားဟာ ၂၅ ကားမြောက် ဂျိမ်းစဘွန်းဇာတ်ကားဖြစ်ပြီး ကနဦးအနေနဲ့ ၂၀၂၀ ခုနှစ် ဧပြီလကတည်းက ရုံတင်ပြသဖို့စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ကပ်ရောဂါကြောင့် ပြသရက်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလကို ပြောင်းရွှေ့ပြီး အဲဒီကမှတစ်ဆင့် ဒီနှစ် ဧပြီလအထိ ရွှေ့ဆိုင်းလာခဲ့တာပါ။

ဒါ့ကြောင့် ဇာတ်ကားရုံတင်ရက်ကို သုံးကြိမ်တိုင်ရွှေ့ဆိုင်းခဲ့ရပြီး လက်ရှိအချိန်အထိလည်း ရက်အတိအကျ မသတ်မှတ်နိုင်သေးကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေက ဆိုပါတယ်။

No Time to Die ဇာတ်ကားဟာ ရိုက်ကူးစရိတ်ပေါင်သန်း ၂၀၀ အထိ ရှိခဲ့ပြီး သမိုင်းတစ်လျှောက် တန်ကြေး အကြီးဆုံး ဂျိမ်းစဘွန်းဇာတ်ကားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

ကိုးကား – The Sun
သတင်း – ကိုဆွဲ(မုံရွာ)