ရန်ကုန်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များဖမ်းဆီးရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်သာ သက်ဆိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းမှုနှင့်ပတ်သက်၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်သာသက်ဆိုင်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“အဓိကကတော့ ယာဉ်စည်းကမ်းနဲ့ပဲသက်ဆိုင်တာ။(ယစက) ခေါ်တာပေါ့။ ယာဉ်ထိန်းတို့ ဘာတို့ပါတာမျိုး။ အဲဒီဟာက ကျွန်တော်တို့ မူချထားတာရှိတယ်။ ဘယ်နေ့ဆိုတာတော့ အတိအကျပြောဖို့ခက်တယ်။ အဲဒီစီမံချက်ကို ကျွန်တော် သိသလောက် ယာဉ်ထိန်းကိုပြန်ပြီးတော့ တင်ခိုင်းထားတာရှိတယ်။ ဒါပေမယ့် သူ့ဆီက စာကို ဥက္ကဌ (YRTA ဥက္ကဌ) ဆီတင်မှ ဥက္ကဌ က အစည်းအဝေးခေါ်မှသိမယ်” ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှုး ဒေါက်တာမောင်အောင် က စံတော်ချိန်သို့ပြောသည်။

ထိုသို့ ရန်ကုန်မြို့အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ထိရောက်စွာအရေးယူရန် (YRTA) အနေဖြင့် မူဝါဒချမှတ်ထားသော်လည်း လက်တွေ့တွင် အဆိုပါ မူဝါဒအား အကောင်ထည်မဖော်နိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များစီးနင်းမှုများပြားလာနေသည့်အတွက် တွေ့ရှိပါက စည်ပင်သာယာဥပဒေအရ ဒဏ်ငွေတစ်သိန်းချမှတ်၍ အရေးယူမှုများရှိနေပြီး စည်ပင်သာယာနယ်နမိတ်အတွင်း လုပ်ငန်းလိုင်စင်မရှိ တရားမဝင်ပြေးဆွဲနေသည့် ကြားကားများနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းမှုများပြားလာခြင်းကို ထိရောက်သောအရေးယူမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှလွဲ၍ ကျန်ရှိစည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အမိန့်အမှတ် ၂/၂၀၁၇ ဖြင့် ခွင့်ပြုချက်မရဘဲ မော်တော်ဆိုင်ကယ်စီး၍ စည်ပင်သာယာနယ်နိမိတ်အတွင်း ဝင်ရောက်ခြင်းမပြုရန်နှင့် မည်သူမဆို အမိန့်ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း၊ ဓာတ်ပုံ – နေမင်းကျော်