ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်)၊ ည ၈ နာရီမှ ယနေ့ (ဇန်နဝါရီ ၁၄ ရက်)၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၈၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၀၅) ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် COVID -19 ရောဂါပိုးတွေ့နှုန်း နှစ်ရက်ဆက်တိုက် ၃ ရာခိုင်နှုန်း အောက်သို့ လျော့ကျခဲ့ရာမှ ယနေ့ ပိုးတွေ့ရှိမှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သည့်အတွက် ပိုးတွေ့နှုန်း ၃ ရာခိုင်နှုန်းကျော်သို့ပြန်တက်ခဲ့သည်။
COVID-19 စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ဓာတ်ခွဲစစ်ဆေးသည့်အရေအတွက်ပေါ်၌ မူတည်နေပြီး ဇန်နဝါရီ ၅ ရက်မှ ဇန်နဝါရီ ၁၄ ရက် အထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာများ၏ ပျှမ်းမျှအရေအတွက်မှာ (၁၈၉၉၆)ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထပ်မံသေဆုံးသူ (၁၀) ဦးအနက် ရောဂါအခံရှိသူ (၈)ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံဆင်းခွင့်ရသူ (၄၇၉) ဦးရှိပြီး စုစုပေါင်း (၁၁၆၁၀၀)ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယနေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ( ၁၃၂၈၆၅) ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၂၉၁၂) ဦး ရှိပြီဖြစ်သည်။
သတင်း – သီတာလွင်