COVID-19 ၏ မူလဇစ်မြစ်ကို စုံစမ်းရန် WHO မှ ဆေးသိပ္ပံပညာရှင်များ ဝူဟန်မြို့သို့ ရောက်ရှိ

COVID-19 ရောဂါ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ နိုင်ငံတကာသိပ္ပံပညာရှင် ၁၀ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ယနေ့(ဇန်နဝါရီ ၁၄ ရက်)တွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ကူးစက်ခံရသူပေါင်း သန်း ၉၀ ကျော်ရှိလာပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ကူးစက်ပျံ့နှံ့ခဲ့သော်လည်း တရုတ်အစိုးရ၏ တားဆီးပိတ်ပင်မှုများကြောင့် နိုင်ငံတကာစုံစမ်းစစ်ဆေးအဖွဲ့မှာ COVID-19 ရောဂါ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးခွင့်မရခဲ့ဘဲ ရောဂါသက်တမ်း တစ်နှစ်ကျော်အကြာမှ စတင် စုံစမ်းစစ်ဆေးခွင့်ရခဲ့သည်။

WHO ၏ ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန်၊ ရုရှား၊ နယ်သာလန်၊ ကာတာနှင့် ဗီယက်နမ်နိုင်ငံများမှ ဗိုင်းရပ်စ်နှင့် အဏုဇီဝဗေဒကျွမ်းကျင်သူများ၊ ဆေးသိပ္ပံပညာရှင်များပါဝင်ကြောင်း သိရသည်။ ၎င်းတို့အားလုံးသည် ရောဂါ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုမပြုမီ ဝူဟန်မြို့၌ နှစ်ပတ်အကြာ ကွာရန်တင်းဝင်ရမည်ဖြစ်သကဲ့သို့ COVID-19 စစ်ဆေးရန်အတွက် အာခေါင်နှင့် နှာခေါင်းတို့ဖတ်များလည်း အယူခံရမည်ဖြစ်သည်။

နိုင်ငံတကာသိပ္ပံပညာရှင်များအနေဖြင့် ဝူဟန်ဓာတ်ခွဲခန်းသို့ သွားရောက်စစ်ဆေးခွင့် ရ၊ မရ ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယခုစုံစမ်းစစ်ဆေးမှုတွင် တရုတ်သိပ္ပံပညာရှင်များကလည်း နိုင်ငံတကာသိပ္ပံပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း – မောင်ဇေယျ
ကိုးကား – Japan Times
ဓာတ်ပုံ – Gulfnews