မန်ချက်စတာယူနိုက်တက်ကို ရှုံးခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ဂျာဂန်ကလော့ပ် ပြော

တနင်္ဂနွေနေ့က အက်ဖ်အေဖလားပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၃ဂိုး၊ ၂ ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် သူ့အသင်းအတွက် စိုးရိမ်စရာမလိုဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် က ပွဲအပြီးမှာ sky sports ရုပ်/သံကို ပြောပါတယ်။

လီဗာပူးအသင်းဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲနိုင်တာကြောင့် နည်းပြ ကလော့ပ်နဲ့အတူ သူ့ကစားသမားတွေအတွက် ဖိအားပိုများသွားပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲအပြီးမှာ ကလော့ပ် က “လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလာတဲ့ ခြေလှမ်းအမြောက်အမြားကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေအားလုံးက ကျေနပ်စရာပါ”လို့ ပြောပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်အတွက် ကျေနပ်စရာအကောင်းဆုံးအချက်မှာ တိုက်စစ်မှူး ဆာလက်ခ်ျ ဂိုးပြန်သွင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဆာလက်ခ်ျနဲ့အတူ လီဗာပူးအသင်းတိုက်စစ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက်ဂိုးပျောက်ခဲ့ပြီး တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ အက်ဖ်အေဖလားပွဲမှသာ ဂိုးပြန်သွင်းနိုင်ခဲ့တာကြောင်း သိရပါတယ်။

ကိုးကား – sky sports
သတင်း – မောင်ဇေယျ