ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာပါက ဖျက်ပစ်ရမည်ဟု တပ်ချုပ်ပြော

ဖွဲ့စည်းပုံ အခြေခံဥပဒေက ဥပဒေ၏ Mother Law ဖြစ်သည့်အတွက် လေးစား လိုက်နာရန်လိုအပ်ကြောင်း၊ မလေးစား၊မလိုက်နာပါက ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားလိုက်သည်။

ယနေ့(ဇန်နဝါရီ ၂၇ ရက်)က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ဥပဒေကိုအလေးထားလိုက်နာရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ မှာကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့မှ ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို ငါတို့က လေးစားလိုက်နာရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး။ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်”ဟု ၎င်းကပြောကြားလိုက်သည်။

ထို့အပြင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ န၀တခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု အနေ နဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်း ထဲမှာရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်”ဟု နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားပြောကြားခဲ့သည်။

ဆက်လက်၍ အုပ်ချုပ်ရေးအပိုင်းတွင်လည်း အသိပညာ၊ အတတ်ပညာနှင့် အုပ်ချုပ်နိုင်သည့် လူမျိုးကိုလိုအပ်ကြောင်း၊ ထိုသူက စည်းကမ်းနှင့်ဥပဒေကို လေးစားလိုက်နာရန်လည်းလိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကစိစစ်တွေ့ရှိခဲ့သော မဲမသမာမှုများနှင့်ပတ်သက်၍ တည်ဆဲဥပဒေများအရလုပ်ဆောင်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာမသိမ်းဟုပြော၍မရဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကယမန်နေ့ကပြုလုပ်သော တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ပြောကြားထားသည်။

ထိုကဲ့သို့ပြောဆိုချက်နှင့်ပတ်သက်၍ လူမှုကွန်ရက်များ၊ ပြည်သူများအကြားတွင်ဝေဖန်မှုများလည်းရှိနေသည်။ သို့သော် တပ်မတော်က ၎င်းတို့သဘောဖြင့် အာဏာသိမ်းခွင့်မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ခွင့်မပြုထားကြောင်းကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကစံတော်ချိန်ကဆက်သွယ်မေးမြန်းရာတွင်ဖြေကြားထားသည်။

သတင်း – မိုးသိမ့်နိုင်
ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့