“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစား၊ မလိုက်နာရင် ဖျက်ပစ်လို့ရတယ်”ဆိုတဲ့ တပ်ချုပ်ရဲ့စကားရပ်အပေါ် သူတို့ဘာတွေပြောသလဲ။

“ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ ဘယ်အစိုးရမှ အောင်မြင်မှုတွေရမှာမဟုတ်ဘူး။ သမိုင်းတရားခံတွေဖြစ်သွားလိမ့်မယ်”
ဦးကြီးမြင့် ( တရားလွှတ်တော်ရှေ့နေ )

ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့သော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “တပ်မတော်က အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း”ပြောကြားခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲတွင် စိစစ်ရရှိခဲ့သည့် မဲမသမာမှုများနှင့်ပတ်သက်၍ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုလွှတ်တော်တို့က မဖြေရှင်းပေးပါက ဖွဲ့စည်းပုံအခြေခံဥပဒေကပြဌာန်းထားသည့် ဥပဒေများအတိုင်းလိုက်နာဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆိုသည်။

ထို့နောက် ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်)က ဖွဲ့စည်းပုံအခြေခံဥပဒေက ဥပဒေ၏ Mother Law ဖြစ်သည့်အတွက် လေးစားလိုက်နာရန်လိုအပ်ကြောင်း၊ မလေးစား၊ မလိုက်နာပါက ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ထုတ်ဖော်ပြောဆိုလာခဲ့သည်။

ထိုကဲ့သို့ပြောကြားချက်နှင့်ပတ်သက်၍ လူမှုကွန်ယက်များ၊ ပြည်သူများအကြား ဝေဖန်မှု၊ စိုးရိမ်မှုများလည်း ပျံ့နှံ့လျက်ရှိနေသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် နိုင်ငံရးနယ်ပယ်မှ ပညာရှင်များ၏ သဘောထားအမြင်များကို စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းဌာနက မေးမြန်းတင်ဆက်ထားပါသည်။

◾ ဒေါက်တာမျိုးညွန့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်လို့ရတယ်ဆိုတာနဲ့ပတ်သက်ပြီး မှတ်ချက်တွေ အထွေအထူးမပြောတော့ပါဘူး။ ကျွန်တော်တို့ ပြောထားသလိုပဲ။ ကျွန်တော်တို့က ဥပဒေနဲ့အညီပဲ လုပ်ဆောင်မယ်။ အမျိုးသားရင်ကြားစေ့ရေးနဲ့ အကြမ်းမဖက်ရေးမူကိုဆွဲကိုင်ပြီးတော့ ဘယ်လိုအခြေအနေပဲ ကြုံလာလာ ဒီအတိုင်းပဲ ဆက်လုပ်သွားမယ်။ ဒီလိုမျိုး အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရဘူးဆိုတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားမလိုက်နာရင်ဖျက်ပစ်လို့ရတယ်ဆိုတာတွေက ပြောတဲ့သူရဲ့သဘောပဲ။ ကျွန်တော်တို့က ဥပဒေနဲ့အညီလုပ်မယ်ဆိုရင် စိုးရိမ်ပူပန်မှုမရှိဘူး။ ဥပဒေကျော်လွန်လာရင်လည်း အကြမ်းမဖက်ရေးမူ၊ ဥပဒေအတိုင်းဆောင်ရွက်ရေးမူ ဒါနဲ့ပဲဖြေရှင်းသွားမယ်။
ရွေးကောက်ပွဲမတိုင်ခင်တုန်းက နိုင်ငံရေးပါတီ ၃၄ ပါတီက ရွေးကောက်ပွဲသည် ကြိုတင်ပြီး မသမာမှုတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကိုသွားတွေ့ခဲ့တာရှိပါတယ်။ အဲ့တော့ ကာကွယ်ရေးဦးစီးချုပ်က ကျွန်တော်မလုပ်ရဲတာမရှိဘူး။ ဒါပေမယ့် အာဏာသိမ်းမယ်ဆိုရင် တိုင်းပြည်နာမယ်။ လူထုနာမယ်။ တပ်မတော်ဂုဏ်သိက္ခာလည်းထိခိုက်မယ်။ ဒါကြောင့်မလုပ်တာလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီစကားကအမှန်ပဲလို့ယုံကြည်ပါတယ်။

◾ ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအရရော စစ်ရေးအရရော အောက်စည်းကိုရောက်နေတယ်။ နိုင်ငံရေးမှာ သူလိုလားတဲ့ အဖွဲ့တွေရှုံးတယ်။ သူဖြစ်စေချင်တာတွေလည်း မဖြစ်ဘူး။ အဲဒီတော့ သူ့ရဲ့လုံခြုံရေးကိုပါ ရှေးအနာဂတ်ကိုပါစိုးရိမ်လာတယ်။ အဲဒီတော့ သူ့ရဲ့နောက်ဆုံးစကားကိုပြောလိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်တယ်လို့ ယူဆတယ်။ အောက်စည်းရောက်နေတဲ့အနေထားကနေ အပေါ်စည်းနဲ့ပြန်ဆွေးနွေးချင်တာ။ သမ္မတက ကာလုံကိုလွှဲလိုက်ရင် ရွေးကောက်ပွဲတွေကိုအသစ်ပြန်လုပ်ဖို့ သူ့မှာ အာဏာရှိသွားပြီ။ တိုင်းရင်းသားတွေနဲ့ပက်သက်လို့ ဖက်ဒရယ်ကိစ္စတွေမှာလည်း ၂၀၀၈ မှာပိတ်ဆို့နေတာကိုလည်း သူဖယ်ရှားပေးလိုက်မယ်။ သိမ်းရင်လည်း နှစ်ပေါင်း ၂၆ နှစ်တို့၊ ၂၂ နှစ်တို့ကြာအောင် သိမ်းထားမယ် မထင်ဘူး။ အခြေအနေကလည်း မပေးဘူးလေ။ သူက အာဏာကိုထိန်းရင် အလွန်ဆုံး တစ်နှစ်လောက်ပဲထိန်းပြီး ဒီအချိန်အတွင်းမှာ သူနာမည်ကောင်းရအောင်လုပ်သွားမယ်ပေါ့။ ဒါအကောင်းမြင်ဝါဒပေါ့။ အဆိုးဝါဒက နိုင်ငံတကာပိတ်ဆို့မှုခံရမယ်။ ICJ ပြဿနာပိုကြီးကျယ်လာမယ်။ ပြည်တွင်းက ပြဿနာအကြီးကြီးတက်မယ်။ တိုင်းရင်းသားလူမျိုးစုတွေက မပြေလည်ဘူးဆို ဒို့နိုင်ငံက ပြည်တွင်းစစ်ကြီးဖြစ်လိမ့်မယ်။ အဲဒီလိုဆို တပ်မတော်ကြီးလည်း ကွဲသွားနိုင်တယ်။ တိုင်းပြည်လည်းပြိုကွဲသွားနိုင်တယ်။ ဒါကြောင့်မို့ အာဏာသိမ်းတာကိုမကြိုက်ဘူး။
အခြေခံဥပဒေကို ဖျက်သိမ်းပြီး တစ်ခါထပ်ဆွဲ နောက်ထပ် ၁၀ နှစ်လောက်ကြာနေရင် ဘယ်နှယ့်လုပ်မလဲ။ ကျွန်တော်တို့သဘောအရတော့ အင်မတန်ဖျက်ရခက်တဲ့ ၂၀၀၈ ခြေဥကိုဖျက်လည်း ဝမ်းမနည်းပါဘူး။ ဘာမှကြောက်ရွံ့နေမှာလည်းမဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်အတွက်တော့ မကောင်းဘူးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတရဲ့ခွင့်ပြုချက်မရဘဲ ဘာမှလုပ်လို့မရပါဘူး။ ပြင်လို့မရဘူး။ အာဏာအပ်လို့မရဘူး။ ဒါအတိအကျပဲ။ ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ ဘယ်အစိုးရမှ အောင်မြင်မှုတွေရမှာမဟုတ်ဘူး။ သမိုင်းတရားခံတွေဖြစ်သွားလိမ့်မယ်။ အာဏာသိမ်းတဲ့ဘဝတွေပြန်မရောက်ချင်တော့ဘူး။ နှစ်ငါးဆယ်လောက်ဖြတ်ကျော်လာတာ။

◾ ဦးထွန်းကြည် ( နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် )

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၄ နှစ်၊ ၁၅ နှစ် အချိန်ယူပြီးတော့ သူတို့ပဲရေးဆွဲခဲ့တာပဲ။ ဖျက်ခြင်း၊ မဖျက်ခြင်းက သူတို့နဲ့ပဲဆိုင်တယ်။ ဒါဟာ ယနေ့ တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုတွေအတွက် အဖြေမဟုတ်ဘူး။ နောက်တစ်ခုက ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုမယ်။ ထောက်ခံမယ်ပြောပြီးသားလေ။ ဒီလိုတွေ စကားတွေမညီဘဲ ပြောနေတာကိုက ပြဿနာတွေပဲ။ တကယ့်တကယ် နိုင်ငံရေးကိုဝင်ရောက်စွက်ဖက်နေတာ။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေ။ ကျွန်တော်တို့အမြင်အရ ဖွဲ့စည်းပုံပြင်တာကို မလိုလားဘူး။ ဖွဲ့စည်းပုံဖျက်ပစ်လိုက်တာ ပိုတောင်ကြိုဆိုသေးတယ်။ သေချာတာက အကျိုးထက် အဆိုးများမှာပဲ။
ပြည်သူတွေအတွက်ကတော့ သန်းခေါင်ထက် ညမနက်တော့ဘူး။ အခုလို ပြောဆိုနေတာတွေသည် ပြည်သူလူထုရဲ့ သဘောဆန္ဒကိုဆန့်ကျင်နေတဲ့အတွက် ဒါက ရာဇဝတ်မှုမြောက်တယ်။ တည်ဆဲဥပဒေတွေအရဆိုရင် ဒါအရေးယူဆောင်ရွက်ရမယ်လေ။ မည်သူမဆို တည်တဲဥပဒေကိုချိုးဖောက်မယ်ဆိုရင် ဒါပြစ်မှုမြောက်တယ်။ အဲ့ဒီအပေါ်မှာတော့ ကျေကျေနပ်နပ်ကြီးခံယူဖို့လိုတယ်။ အာဏာသိမ်းတာတွေက တိုင်းပြည်အတွက်ရော၊ ပြည်သူလူထုအတွက်ရော အကျိုးမရှိဘူး။ တပ်မတော်ကပြောနေတာတွေသည် လက်တွေ့မြေပြင်အနေအထားတွေနဲ့ဆန့်ကျင်နေတယ်။ သေချာတာကတော့ လားရာက အဆိုးဘက်ကိုပြနေတဲ့လားရာပေါ့။
တပ်မတော်ဘက်က နားလည်ထားရမှာက ၁၉၆၂ နိုင်ငံရေးအခင်းအကျင်းမဟုတ်ဘူး။ ၁၉၈၈ နိုင်ငံရေးအခင်းအကျင်းမဟုတ်ဘူး။ အခုက ၂၀၂၁ နိုင်ငံရေးအခင်းအကျင်းဖြစ်တယ်။ တုံ့ပြန်မှုတွေ၊ နိုင်ငံရေးအရ ဝေဖန်ထောက်ပြမှုတွေ၊ နိုင်ငံတကာရဲ့ဆန့်ကျင်မှု၊ အရေးယူပိတ်ဆို့မှုတွေ ဒါတွေဆက်တိုက်ဖြစ်လာမှာပေါ့။ သိမ်းမယ်ဆိုလည်းသိမ်းလိုက်၊ ဖျက်မယ်ဆိုလည်းဖျက်လိုက်။ အကောင်းဆုံးကိုလည်း ပြင်ဆင်ထားတယ်။ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပြီးပါပြီ။ ဒါ့အပြင် ရင်ဆိုင်ကြုံတွေ့ရမယ့်အခက်အခဲ၊ စိန်ခေါ်မှုတွေပေါ်မှာ သတ္တိရှိရှိ ရင်ဆိုင်ပြီးဖြေရှင်းဖို့သည် တပ်မတော်ရဲ့တာဝန်ပဲ။

◾ ဒေါက်တာ ညိုညိုသင်း ( ဥက္ကဋ္ဌ – ရန်ကုန်စောင့်ကြည့်အဖွဲ့ )

မြန်မာ့နိုင်ငံရေးမှာက ညှိနှိုင်းဖြေရှင်းလို့မရခဲ့တဲ့ အစဉ်အလာတွေရှိတယ်။ ဒါက NLD အစိုးရပေါ်မှာလည်း အပြင်းထန်ဆုံးဖိအားပေးလိုက်တယ်လို့လည်း ယုံကြည်တယ်။ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ခဏခဏပြောသလို နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး စကားဝိုင်းတွေကနေ အဖြေရှာရမယ်ဆိုတဲ့ စကားရှိထားတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုကို ဒီတိုင်းပြည်မှာထူထောင်နေတာဖြစ်တဲ့အတွက် တပ်မတော်နဲ့ နိုင်ငံရေးအင်အားစုတွေအကြားမှာ ရှိနေတဲ့နိုင်ငံရေးပြဿနာပေါ့။ ဒီကိစ္စတွေကို ရက်ပိုင်းအတွင်းမှာပဲ အဖြေရှာဖို့လိုတယ်။ မဟုတ်ရင် နိုင်ငံက စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ ဒီမိုကရေစီ နောက်ကြောင်းပြန်သွားနိုင်တဲ့အနေအထားမှာရှိတယ်။
အခုချိန်မှာ ပြည်သူတွေလည်း စိုးရိမ်သလို အန်တီတို့လည်း စိုးရိမ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဒီနိုင်ငံမှာရှင်သန်နေစေချင်တဲ့ နိုင်ငံရေးသမားတိုင်းလိုလိုက တပ်မတော်ဘက်က အခုလို အစိုးရပေါ်မှာ ပြင်းထန်တဲ့ဖိအားတစ်ရပ်ပေးလာတဲ့အပေါ်မှာ စိုးရိမ်တယ်။ ဒီလိုအခြေအနေကိုရောက်စေနေတဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း ပြန်ပြီးသုံးသပ်ဖို့လိုပြီပေါ့။ ငါတို့က ဥပဒေအရမှန်တာပဲဆိုပြီး ဒီအတိုင်းပဲ ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် အန်တီတို့တိုင်းပြည်က မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်ကုန်လိမ့်မယ်။ NLD အစိုးရရော၊ UEC ရောက ပြန်ပြီးတော့ အေးအေးဆေးဆေး ပြန်လည်သုံးသပ်သင့်တယ်။ ကိုယ်မှန်တယ်လို့ယူဆပြီး တပ်မတော်ရဲ့တောင်းဆိုမှုတွေကို မသိကျိုးကျွံပြုနေမယ်ဆိုရင် တိုင်းပြည်ကို ချောက်ထဲပို့မယ့်အထဲမှာ ကိုယ်ပါပါဝင်သွားလိမ့်မယ်။ အခုလို နိုင်ငံရေးအကျပ်အတည်းကြုံတွေ့နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ အမြန်ဆုံးတွေ့ဆုံညှိနှိုင်းဖို့လိုနေပြီလို့ သုံးသပ်ပါတယ်။

မေးမြန်း – မိုးသိမ့်နိုင်
ဓာတ်ပုံ – ဦးကြီးမြင့်၊ ဦးထွန်းကြည်၊ ဒေါက်တာညိုညိုသင်း/fb၊ ကျော်ကျော်