ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် အန်တိုနီယို ဂူတာရက်စ်ကို နောက်ထပ်ငါးနှစ် ဒုတိယသက်တမ်း ဆက်လက်ထားရှိရန် လုံခြုံရေးကောင်စီ ထောက်ခံ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ လက်ရှိအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကို နောက်ထပ် ငါးနှစ် ဒုတိယသက်တမ်းအဖြစ် ဆက်လက်ခန့်အပ်ထားရှိသွားဖို့ ထောက်ခံလိုက်ကြောင်း သိရှိရပါတယ်။

ဇွန်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဥက္ကဋ္ဌနေရာကို ရယူလိုက်တဲ့ အက်စ်တိုးနီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဆဗင်ဂျာဂျင်ဆင် က လုံခြုံရေးကောင်စီဟာ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးအတွက် ဂူတာရက်ဇ်ကို ဆက်လက်ထားရှိဖို့ အပြည့်အ၀ ထောက်ခံပါကြောင်း အသိပေးလိုက်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေတစ်ဆင့် ချမှတ်သွားမယ်လို့ သိရှိရပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို လာမယ့်ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ တက်ရောက်မယ့် အဲ့ဒီအစည်းအဝေးပွဲမှာ ဂူတာရက်ဇ်ရဲ့ဒုတိယသက်တမ်း တာဝန်ယူမယ့်ကိစ္စကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ဂူတာရက်ဇ်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ရင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လက်ရှိရာထူးမှာ ဆက်ရှိသွားတော့မှာပဲဖြစ်ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Al Jazeera