ကယားပြည်နယ်၊ လွိုင်ကော်တွင် ဓာတ်ဆီ ပြတ်တောက်

စက်သုံးဆီပို့သည့် ကားများ လာမရသဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဓာတ်ဆီ 92 နှင့် 95 ပြတ်တောက်သွားပြီဖြစ်ကြောင်း ဇွန် ၈ ရက်က စုံစမ်းသိရသည်။

နီလာရိုးမကဲ့သို့ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဓာတ်ဆီ 92 နှင့် 95 နှစ်မျိုးစလုံး ဝယ်မရတော့သကဲ့သို့ လက်လီရောင်းသည့် ဆိုင်အငယ်များတွင်လည်း ဝယ်ယူ၍ မရတော့ကြောင့် မြို့ခံတစ်ဦးက ပြောသည်။

“လာရဲတဲ့ကားတွေ မရှိတော့တာ။ အရင်က တောင်ငူလမ်းရှိနေတော့ အဲ့လောက်မဆိုဘူး။ အခုက အဲဒီဘက်လမ်းကိုလည်း ပိတ်လိုက်ပြီ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကယားပြည်နယ်အတွင်း ဝင်ရောက်နိုင်သည့် အခြားလမ်းများဖြစ်သည့် ပင်လောင်းလမ်း၊ ဆီဆိုင်ဆိုက်ခေါင်လမ်းတို့ကို ပိတ်ထားကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ဓာတ်ဆီပြတ်တောက်သွားသည့်အတွက် ကယားပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ပြတ်တောက်ဖွယ်ရှိကြောင်း စုံစမ်းသိရသည်။

သတင်း – MKN