ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လေးဦးကို အဂတိလိုက်စားမှုဖြင့် အမှုထပ်ဖွင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကို အဂတိလိုက်စားမှုဖြင့် ထပ်မံအမှုဖွင့်လိုက်ကြောင်း ကြေးမုံသတင်းစာက ယနေ့တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ အမေရိကန်ဒေါ်လာ ခြောက်သိန်း၊ အကယ်ဒမီအခေါက်ရွှေ ၇ပိဿာတို့ကို ရယူခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၆၀)ရှိ မြေ(၁ ဒသမ ၈၆) ဧကနှင့် အဆောက်အဦတို့ကို ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသော နှုန်းထားဖြင့် ငှားရမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်က ငွေကျပ်သန်း (၅၂၀၀)ကျော် နစ်နာသည်ဟု ဆိုကာ တိုင်ကြားထားခြင်းဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန် မြေဧက ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိ မြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို မြေနရာချထားပေးခြင်းနှင့်ပတ်သက်၍ ထိုက်သင့်သည့် တန်ဖိုးထက် များစွာလျော့နည်းလျက်ပေးချေခဲ့သောကြောင့် ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ထို့နောက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ ပြည်သူများ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေများထဲမှ ငွေကျပ် ၁ ဒသမ ၆ဘီလီယံကျော်ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ဆောက်ရေးအတွက် အသုံးပြုခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ဖြင့် အမှုဖွင့်ထားကြောင်း ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။

ထို့အပြင် နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေး​ကော်မတီဝင် ဦးမင်းသူတို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီးတွင် တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ရက်မှစတင်ကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လှုံ့ဆော်မှု ဥပဒေပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လှုံ့ဆော်မှု ဥပဒေ ၁၂၄ (က)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ဖြင့်အမှုနှစ်ခု၊ နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ) တို့ဖြင့် တရားစွဲဆိုထားပြီး ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်အမှုထပ်မံဖွင့်ထားခြင်းဖြစ်သည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်