တောင်ကိုရီးယားတွင် ဘတ်စ်ကားတစ်စီးအပေါ် ငါးထပ်တိုက် ပြိုကျ၍ လူ ၉ ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့မှာ ငါးထပ်တိုက်တစ်လုံး ပြိုကျခဲ့ပြီး အပျက်အစီးတွေက ဘတ်စ်ကားတစ်စီးအပေါ်ကို ပြုတ်ကျခဲ့တဲ့အတွက် လူသေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ကနဦး ရရှိထားတဲ့ သတင်းတွေအရ အနည်းဆုံး လူ ကိုးဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။ လူ ၁၇ ဦး လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားဟာ အဲ့ဒီနေရာမှာ ရပ်တန့်နေစဉ် အချိန်ခဏအတွင်း တိုက်ပြိုကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အခုအချိန်အထိ ဆက်လက် ဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်။

တိုက်ပြိုကျတဲ့ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေ ရှိနေနိုင်တဲ့အတွက် အဲ့ဒီလူတွေကို ကယ်ဆယ်ဖို့ ဆောင်ရွက်နေရပြီး တိုက်ပြိုကျမှုဖြစ်စဉ် အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကိုလည်း တောင်ကိုရီးယားအစိုးရက စတင်လိုက်ပြီဖြစ်ပါတယ်။

ပြိုကျသွားတဲ့တိုက်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကတော့ တိုက်မပြိုခင်မှာပဲ ဘေးလွတ်ရာနေရာဆီကို ရောက်ရှိလွတ်မြောက်သွားခဲ့တယ်လို့ သိရှိရပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Reuters and BBC