ဖျားနာကုဆေးခန်း (Fever Clinic) များပြန်ဖွင့်နိုင်ရန် ဆောင်ရွက်နေ

ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာများ ပြန်လည်များပြားလာသည့်အတွက် လူထုအခြေပြု ဖျားနာကု အခမဲ့ ဆေးခန်း (Fever Clinic) များ ပြန်ဖွင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လူထုအခြေပြု ဖျားနာကုဆေးခန်းများကွန်ရက် (Community Fever Clinic-Yangon Network) တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်း က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။

“ကိုဗစ်တွေကလည်း ပျံ့နှံ့ပြီးပြန်ကူးစက်‌နေတဲ့ အနေအထားဆိုတော့ ဒီရက်ပိုင်းအတွင်းတော့ ပြန်ဖွင့်ရလိမ့်မယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်‌ စောင့်နေတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုတယ် ဖွင့်ဖို့လိုအပ်တယ်ဆိုရင် လူနာပြန်ကြည့်မှာပါ။ အခုတော့ လူနာတွေကို ဖုန်းကောလ်နဲ့ပဲပြန်ဖြေကြားပေးနေတယ်”ဟု ဒေါက်တာကျော်မင်းထွန်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖျားနာကုသမှုအခမဲ့ ဆေးခန်း (Fever Clinic) များကို ယခင်က မြို့နယ် ၂၉ ခုတွင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယခုတွင် Fever Clinic များဖွင့်လှစ်ရာ ကျောင်းများပြန်ဖွင့်နေသည့်အတွက် မြို့နယ် ၁၀ မြို့နယ်ခန့်တွင်သာ ပြန်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာကျော်မင်းထွန်း က ပြောသည်။

Fever Clinicများ ပြန်လည်ဖွင့်လှစ်မည့်အချိန်နှင့် နေရာများကို Community Fever Clinic -Yangon Network Facebook Page တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

ယမန်‌နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၄၄၈၇၆)ဦးနှင့် သေဆုံးသူ(၃၂၃၇) ဦး ရှိပြီဖြစ်သည်။

သတင်း – စံတော်ချိန် ဒစ်ဂျစ်တယ်
ဓာတ်ပုံ – Community Fever Clinic-Yangon Network