တာချီလိတ်တွင် COVID-19 ကူးစက်ခံရသူ ၄၅ ဦး ထပ်တွေ့

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်စေ့ပြီး တာချီလိတ်သို့လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား ၁၀၉ ဦးထဲမှ နောက်ထပ် ၄၅ ဦးတွင် COVID-19 ကူးစက်ခံထားရသည်ကို ယနေ့(ဇွန် ၁၁ ရက်)က စစ်ဆေးတွေ့ရှိသည်။

ဇွန် ၁ ရက်က ထိုင်းနိုင်ငံမယ်ဆိုင်မှ တာချီလိတ်သို့ လွှဲပြောင်းလာသည့် ၁၀၉ ဦး အသုတ်ဖြစ်ပြီး စတင်လွှဲပြောင်းစဉ်က ၇ ဦး၊ ဇွန်လ ၄ ရက် ဒုတိယအကြိမ်စစ်ဆေးရာ ၃၀ ဦး တို့တွင် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သူများကို ဇွန် ၁၁ ရက်တွင် တတိယအကြိမ်စစ်ဆေးရာ နောက်ထပ် ၄၅ ဦးတွင် ရောဂါပိုးကူးစက်ခံထားရသည်ကို တွေ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီအဖွဲ့က အားလုံးပေါင်း ၈၀ ကျော်သွားပြီပေါ့။ အားလုံးကို မိုးကုတ်ရိပ်သာမှာပဲ ထားထားတယ်” ဟု ၎င်းက ပြောသည်။

ဇွန် ၁ ရက်က ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိသည့် ခုနစ်ဦးမှာ မနက်ဖြန်တွင် ဆေးရုံဆင်းခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် COVID-19 ကူးစက်ခံရသူ တစ်ရာနီးပါးရှိလာပြီး လေးဦးသာ ဆေးရုံဆင်းခွင့်ရသေးသည်။

သတင်း၊ ဓာတ်ပုံ – MKN