ဘားအံမြို့တွင် အထက(၃)နှင့် ကညနရုံးအနီးအပါအဝင် ခုနစ်နေရာထက်မနည်း ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့( ဇွန် ၁၁ ရက်) နံနက်ပိုင်းက အ.ထ.က (၃) ကျောင်းနှင့် ကညန ရုံးအနီး အပါအဝင် နေရာ ခုနစ်ခုထက်မနည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ဒီကနေ့ မနက် ၅ နာရီဝန်းကျင်ကတည်းက ဗုံးပေါက်ကွဲမှု အသံတွေ ကြားနေရတာပါ။ တစ်မြို့လုံး အနှံ့ပဲ။ အနည်းဆုံး နေရာ ခုနစ်ခုထက်မနည်းမှာ ပေါက်ကွဲသံတွေ ကြားရတယ်” ဟု ဘားအံ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်တွင် ဇွဲကပင်ကုန်း၊ ကံ့ကော်လမ်းနား၊ ဘားအံ-လှိုင်းဘွဲသွားလမ်းဂွ မော်တော်ပီကယ်ရုံးနား၊ အမှတ် ၈ ရပ်ကွက်ရုံးအနီး ၊ အမှတ် ၇ ရုံးနား ၊ ကညနရုံး နားနှင့် အထက(၃)ကျောင်းနားတို့တွင် ဗုံးတစ်လုံးစီပေါက်ကွဲခဲ့ပြီး အထက (၃) ကျောင်းနားတွင်လည်း မပေါက်သေးသည့် ဗုံးနောက်တစ်လုံး ထပ်တွေ့ သည် ဟု ဘားအံမြို့ အခြေစိုက် Hpa-an Update News Page ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ ရှိ မရှိကို မသိရသေးကြောင်း မြို့ခံများက ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘားအံမြို့အဝင်အထွက်နေရာများနှင့် မြို့ပေါ်ရပ်ကွက် နေရာတစ်ချို့တွင် ယာဉ်ပိတ်ဆို့စစ်ဆေးမှုများရှိနေပြီး လုံခြုံ ရေးတင်းကြပ်ထားကြောင်း သိရသည်။

ဘားအံမြို့ နှင့် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း ပြည်သူများ ခရီးသွားလာမှုတွင် ယခုလ ၇ ရက်မှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ထိ မော်တော်ကား၊ မော်တော်ဆိုင်ကယ်စသည်တို့ကို ယာဉ်လိုင်စင်၊ လူလိုင်စင်များကို နေရာအနှံ့တွင် စစ်ဆေးမှုများ ပြုလုပ်ကာ ဒဏ်ရိုက် ဖမ်းဆီးမှုများလည်း ရှိနေသည်။

သတင်း – ကေအိုင်စီ
ဓာတ်ပုံ – word pres.com