ဘာစီလိုနာခေါ်ယူလိုနေသော နည်းပြစာရင်းတွင် ဂျာဂင်ကလော့ပ် ပါဝင်လာ

ဘာစီလိုနာအသင်းဟာ သူတို့ခေါ်ယူလိုတဲ့ နည်းပြသစ်လျာထားစာရင်းထဲမှာ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကို ထည့်သွင်းထားလိုက်ပြီလို့ သိရပါတယ်။

ဘင်ဖီကာကနေ ဘာစီလိုနာကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးမှာ နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုတာတွေ မြင့်တက်လာခဲ့ပြီး လက်ရှိမှာတော့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်ကလည်း ဘာစီလိုနာနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားတာတွေ ရှိနေပါတယ်။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကိုယ်တိုင်ကလည်း သူ့အနေနဲ့ ရာထူးထုတ်ပယ်ခံရဖို့ နီးစပ်နေပြီလို့ ထုတ်ဖော်ဝန်ခံထားပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာကလည်း သူတို့အနေနဲ့ အသင်းရှေ့ရေးအတွက် အလေးအနက်ထား စဉ်းစားရတာတွေရှိနေပြီလို့ ထုတ်ဖော်ဝန်ခံထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခြေအနေ၊ မက်ဆီကို လက်လွှတ်လိုက်ရမှု စတဲ့ ဂယက်တွေရဲ့ရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကလည်း အသင်းနဲ့ အံမဝင်နိုင်ဖြစ်နေလို့ အခက်တွေ့နေရပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Sky Sports