အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏အယူခံ ပလပ်ခံရ

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအတွက် အယူခံတင်သွင်းမှုကို စစ်တွေခရိုင်တရားရုံးက ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်)တွင် အကျဉ်းနည်းဖြင့် ပလပ်လိုက်ကြောင်း အမှုလိုက်ရှေ့နေထံမှသိရသည်။

ဦးညီပုအားချမှတ်ထားသည့် ထောင်ဒဏ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် ယမန်နေ့က စစ်တွေခရိုင်တရားရုံး၌ အယူခံအမှုအမှတ် ၃/၂ဝ၂၁ ဖြင့်အယူခံဝင်ခဲ့ကြောင်း၊ ထိုသို့ အယူခံဝင်မှုအပေါ် ခရိုင်တရားရုံးက အကျဉ်းနည်းဖြင့် ပလပ်လိုက်ကြောင်း၊ ထို့ကြောင့် ပြည်နယ်တရားလွှတ်တော်သို့ ဆက်လက်အယူခံလွှာတင်သွင်းမည်ဟု အမှုလိုက်ရှေ့နေတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

ဦးညီပုကို ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဦးညီပုမှာ “ရပါတယ်၊ အဆင်ပြေတယ်၊ ကျွန်တော်သိတယ်” ဟူ၍သာ ပြန်လည်တုံ့ပြန်ခဲ့သည်ဟု အမှုလိုက်ရှေ့နေထံမှသိရသည်။

ဦးညီပုသည် ဖေဖော်ဝါရီ ၁ ရက်တွင် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်လာခဲ့သည်။ ထို့နောက် ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မိန့်ခွန်းဗီဒီယိုတင်ခဲ့ရာမှ ဖေဖော်ဝါရီ ၁ဝ ရက်ညနေပိုင်းတွင် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းအား စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းက ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးညီပုသည် NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးဟောင်းလေးဦးနှင့်အတူ ဂွမြို့နယ်အတွင်းရှိ ဂုံးသောင်ပေါ်၌ တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်၍ နိုင်ငံတော်ငွေကြေးထိခိုက်နစ်နာစေသည်ဟုဆိုကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုသုံးမှုကိုလည်း တရားရင်ဆိုင်နေရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – ဦးညီပု ဖေ့စ်ဘွတ်ခ်